ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားအသတ်ခံရမှုအတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့်တိုင်းအစိုးရ တွေ့ဆုံ

ရတနာပုံဆိုက်ဘာစီးတီး ကျောင်းသားအသတ်ခံရမှုအတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့်တိုင်းအစိုးရ တွေ့ဆုံ

မန္တလေး၊ ဒီဇင်ဘာ ၁၁ ။            ။ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)မှ ကျောင်းသား အသတ်ခံရမှုနှင့်ပတ်သက်၍ ယင်းကျောင်းမှ ကျောင်းသားသမဂ္ဂအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ သည် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁၁) ရက်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသားများ သမဂ္ဂအနေဖြင့် ကျောင်း နှင့် ပတ်ဝန်းကျင်လုံခြုံရေးတိုးမြှင့်ပေးရေး၊တရားခံအစစ်အမှန် အမြန်ဆုံး ဖမ်းဆီးရမိစေရေး တို့ကို အဓိကထား တောင်းဆိုခဲ့ကြောင်း သိရသည်။

 ယခုဆွေးနွေးမှုတွင် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) နှင့် ပတ်ဝန်းကျင်တွင် လှည့်ကင်း ပတ်ကင်းများချထားပေးမည့်အပြင် လုံခြုံရေးရဲကင်းလည်း ချထားပေးသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြောကြားကြောင်း သိရှိရသည် ။

 “မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရတယ် ။ နယ်လုံဝန်ကြီးရော တိုင်းဒေသကြီးရဲတပ်ဖွဲ့ ခရိုင် မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတယ်။ သူတို့အနေနဲ့ တရားခံ ဖမ်းဆီးရေးကိုလည်း စစ်မှန်တဲ့ တရားခံ ဖြစ်ဖို့အတွက် DNA စစ်တာကအစ တိတိကျကျ အသေးစိပ်လုပ်မယ်ပြောတယ် ။ တရားစွဲတဲ့အချိန်မှာလည်း ပြစ်ဒဏ်လေးနက်တဲ့ ပုဒ်မတွေနဲ့ အရေးယူနိုင်အောင် ဆောင်ရွက်မယ်ပြောတယ်” ဟု နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခွန်နိုင်ပြည့်ထွန်း က ပြောသည် ။

 နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ICT မေဂျာ ဒုတိယနှစ်တွင် ပညာသင်ကြားနေသည့် ကိုထက်လင်းသန့် (၁၈) နှစ် မှာ ဒီဇင်ဘာလ (၆) ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ က တရားခံအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

 ဖြစ်စဉ်မှာ ကိုထက်လင်းသန့်နှင့် မဇူးဇူးဟန်ကိုတို့သည် သုံးထောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှ ရတနာပုံ မြို့သစ်စီမံကိန်းအတွင်း ပြန်လာစဉ် အမျိုးသားသုံးဦးက ဆိုင်ကယ်ကိုတွန်းလှဲ၍ တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ပြီး ကိုထက်လင်းသန့် မှာ သေဆုံးခဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)မှ ကျောင်းသား အသတ်ခံရမှုနှင့်ပတ်သက်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၇) ရက်နေ့က အသတ်ခံလိုက်ရသည့်နေရာတွင် ကျောင်းသား ကျောင်းသူ များက ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၁၄၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required