YBS ယာဉ်လိုင်း လေးလိုင်းကို ဒီဇင်ဘာလ တတိယပတ်အတွင်း ၂၄ နာရီပြေးဆွဲမည်

YBS ယာဉ်လိုင်း လေးလိုင်းကို ဒီဇင်ဘာလ တတိယပတ်အတွင်း ၂၄ နာရီပြေးဆွဲမည်
 ဓာတ်ပုံ - Omini Focus ကုမ္ပဏီ

ရန်ကုန်၊ဒီဇင်ဘာ ၁၁ ။                   ။ YBS ယာဉ်လိုင်း လေးလိုင်းကို ဒီဇင်ဘာလ တတိယပတ်အတွင်း ၂၄ နာရီ ပြေးဆွဲသွားမည်ဖြစ်ကြောင်း Omini Focus General Services ကုမ္ပဏီမှ  မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။

" ကျွန်တော်တို့ ကုမ္ပဏီက ယာဉ်လိုင်း ၂၀၊၈၃၊၉၈၊၉၉ အဲဒီယာဉ်လိုင်း လေးလိုင်းကို ၂၄နာရီပြေးဆွဲမှာပါ။     ဒါကိုဒီဇင်ဘာ တတိယအပတ်ထဲမှာ စပြီးပြေးဆွဲနိုင်ဖို့ ကြိုးစားနေတယ်။ ညပိုင်းမှာ ကားအစီးရေကတော့ ပျမ်းမျှ ၅ ကား ၆ကားလောက်ထွက်မယ်” ဟု  ၄င်းကဆိုသည်။

အဆိုပါယာဉ်လိုင်းများကို မိနစ်၃ဝလျှင် တစ်စီးနှုန်းဖြင့်  ယာဉ်ရပ်နားကွင်းမှ ထွက်ခွာပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခများအနေဖြင့် YRTA မှ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 " ကျွန်တော်တို့ ညပိုင်းမှာ ခရီးသည်ရှိရင်တော့ ကုမ္ပဏီက သူ့ဘာသာ လေ့လာပြီး သူတို့ ဆွဲနိုင်တယ်ဆိုရင် ဆွဲပေါ့နော်။ အဲ့လိုတော့ ပြောထားတယ်။ သူတို့က Shuttle Bus က စပြေးတာပေါ့။ကျန်တဲ့ လေးလိုင်းကိုလည်း သူတို့က ဆွဲချင်တယ်ဆိုတာ ခွင့်ပြုပေးတာပါ။ ကျွန်တော်ကတော့ အဲ့လိုဆွဲပေးရင်တော့ ခရီးသည်တွေ ပိုအဆင်ပြေတာပေါ့။" ဟု YRTA ကုမ္ပဏီမှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 အဆိုပါပြေးဆွဲမည့် ယာဉ်လိုင်း လေးခုသည် လှိုင်သာယာယာဉ်ရပ်နားကွင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ခရီးသည်များ၏ လုံခြုံရေးအတွက် ညပိုင်း ထွက်ခွာမည့်ကားပေါ်တွင် လုံခြုံရေး ဝန်ထမ်းတစ်ဦးကိုအမြဲ လိုက်ပါရန် စီစဉ်ထားကြောင်း သိရသည်။

" ကျွန်တော်တို့ လေဆိပ်ကားပုံစံမျိုးအတိုင်း ညပိုင်းကားမှာ လုံခြုံရေးတွေ ပါမယ်။ ကားရဲ့ CCTV အတွက်ကို လုပ်ထားပေးထားတယ်။အမြဲထည့်ပေးထားတယ်။ စကားပြောစက်တွေလည်းပါတယ်။ Control Center ကနေ စောင့်ကြည့်တယ်။ သက်ဆိုင်ရာတာဝန်မှူးတွေကိုလည်း ကားပေါ်ကနေ ၁၅မိနစ်တခါ သတင်းပို့ပေးရမယ်" ဟု Omini Focus General Services ကုမ္ပဏီမှမန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

 YBS အမှတ် ၉၉ ယာဉ်လိုင်း၏ လမ်းကြောင်းများမှာ (ဒဂုံဧရာအဝေးပြေး-ရတနာနှင်းဆီအိမ်ရာ) ခရီးစဉ် လမ်းကြောင်းဖြစ်ပြီး ဒဂုံဧရာအဝေးပြေး-လှိုင်မြစ်လမ်း-အင်းစိန်ပန်းခြံ-စော်ဘွားကြီးကုန်း-(၈)မိုင်-ကမ္ဘာအေး-ချော်တွင်းကုန်း-ဘေလီ-မဝတလမ်းဆုံ-ပြည်ထောင်စုလမ်း-တောင်မြောက်လမ်းဆုံ-အမှတ်(၂)လမ်း-မောင်း မကန်လမ်း-ဧရာဝဏ်လမ်း-ရွှေလီလမ်း-ရတနာနှင်းဆီအိမ်ရာ အထိပြေးဆွဲပေးနေကြောင်း သိရသည်။ ထို့အပြင် YBS 98သည် ဒဂုံဧရာအဝေးပြေး - ညောင်တုန်းလမ်း - အောင်ဇေယျတံတား -ပေါက်တောဝ - ဘုရင့်နောင် လမ်းဆုံ - ရေကြောင်း - အရိုးဆေးရုံ - ကြည့်မြင်တိုင်ညစျေး - ဟုမ်းလမ်း - သခင်မြပန်းခြံ - ဗိုလ်ချုပ်စျေး (Junction City) - လမ်း(၅၀) - ညောင်တန်း - သန်လျက်စွန်း - ဗိုလ်တစ်ထောင်ဘုရား - (၆)ထပ်ရုံး - မော်တင် - သခင်မြပန်းခြံ - ဟုမ်းလမ်း - ကြည့်မြင်တိုင်ညစျေး - အရိုးဆေးရုံ - ရေကြောင်း - ဘုရင့်နောင်လမ်းဆုံ - ပေါက်တောဝ - အောင်ဇေယျတံတား - ညောင်တုန်းလမ်း - ဒဂုံဧရာအဝေးပြေးအထိ ပြေးဆွဲနေကြောင်း သိရသည်။

YBS 83 ယာဉ်လိုင်းသည် ဒဂုံဧရာအဝေးပြေးမှ အမှတ် (၅) လမ်းမကြီး- ဦးဘဟန်လမ်း- ကျိုက်ဝိုင်းဘုရားလမ်း- နဝဒေးလမ်း- ကမ္ဘာအေးဘုရားလမ်း-ကံဘဲ့လမ်း- သစ္စာလမ်း- သံသုမာလမ်း-လေးထောင့်ကန်လမ်း- အမှတ် (၂) လမ်းမကြီး-ပြည်ထောင်စုလမ်း-လှော်ကားလမ်း- မောင်းမကန်လမ်း တို့ကို ဖြတ်သန်းအသုံးပြုကာ ယဉ်ကျေးမှု တက္ကသိုလ်အထိပြေးဆွဲနေကြောင်း  YBS ၂၀ ယာဉ်လိုင်းမှာ ဒဂုံဧရာအဝေးပြေး - သမကုန်း- ဘီအိုစီ- မီးခွက်စျေး- တံတားဖြူ- ဘုရားလမ်း-ဗိုလ်ချုပ်- စက်မှုဇုံ-ဘုရင့်နောင်လမ်းဆုံ- အုတ်ကျင်း- သီရီ မင်္ဂလာစျေးသစ် - ချောင်းဝ-ရေကြောင်း- ဆင်မလိုက်အဝေးပြေး- ကမ်းနားစျေး-ညစျေး-စာတိုက်- ၉ထပ်ကြီး- ရှမ်းလမ်း-မြေနီးကုန်း-ရွှေဂုံတိုင်- တာမွေအဝိုင်း- တာမွေစျေး- ကျောက်မြောင်းစျေး-သီတာ-လမ်းကျယ်- သိမ်ဖြူ-စိန်ပေါလ်- ဘိုကလေးစျေး- ညောင်ပင်လေးစျေး- မော်တင်- သခင်မြပန်းခြံအထိ ပြေးဆွဲနေခြင်းဖြစ်သည်။

Omini Focus ကုမ္ပဏီသည် နိုဝင်ဘာ ၂၅ရက်နေ့မှစတင်ကာ   Airport Shuttle Busများကိုလည်း ၂၄ နာရီပတ်လုံး ပြေးဆွဲနေခြင်းဖြစ်ပြီး ယင်းကုမ္ပဏီသည် ယာဉ်စီးအရေ ၃၀၀ ဖြင့် Airport Shuttle Bus အပါအဝင် YBS ၂၀၊ ၅၆၊ ၈၃၊ ၉၈၊ ၉၉ ယာဉ်လိုင်းများကို ပြေးဆွဲပေးနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly