မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဓာတ်ပုံကို အသုံးပြုကာ ကမ်ပိန်းပြုလုပ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဓာတ်ပုံကို အသုံးပြုကာ ကမ်ပိန်းပြုလုပ်
ဓာတ်ပုံ ရတနာပုံကျောင်းသားများသမဂ္ဂ(ဗကသ အဖွဲ့ချုပ်)

မန္တလေး၊ ဒီဇင်ဘာ ၇ ။         ။ ကျောင်းဝင်းအတွင်း ဆိုင်ကယ်ရပ်နားခ ကောက်ခံရရှိသောငွေများအား ကျောင်းဖွံ့ဖြိုးရေးလိုအပ်ချက်များတွင် သုံးစွဲရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြမှုမှာ ယနေ့အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိခဲ့ သောကြောင့် ၂၀၁၈ ခုုနှစ် ၊ဒီဇင်ဘာ(၇)ရက် နံနက်ပိုင်းတွင် ရတနာပုံတက္ကသိုလ်၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဓာတ်ပုံကို Wanted စာသားပါ စတစ်ကာများကပ်ကာ ကမ်ပိန်း လှုပ်ရှားမှုကို တတိယ အကြိမ်ထပ်မံပြုလုပ်ခဲ့ကြောင်းသိရသည်။

"ရတနာပုံ တက္ကသိုလ်မှာဖြစ်နေတဲ့ကိစ္စရပ်တွေ၊ကျောင်းလုံခြုံမှုမရှိတဲ့ပြသနာတွေကို တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ အမြန်ဆုံးလာရောက်ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့က သတိပေး လိုက်တဲ့သဘောရယ်၊ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အမြန်ဆုံးလာရောက်ဖြေရှင်းပေးပါဆိုတဲ့ပုံစံနဲ့ Wanted ဆိုပြီးဓာတ်ပုံနဲ့တောင်းဆိုလိုက်တာဖြစ်ပါတယ် ။"ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောကြားခဲ့သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်၊ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ အပါအဝင် ကျောင်းသားများက ကျောင်းတွင်း လုံခြုံရေး တာဝန်ယူပေးရေး၊ ပျက်စီးနေသော သန့်စင်ခန်းများအားလုံးပြုပြင်ပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းများတိုးမြင့်ချထားပေးရေးတို့ကို တောင်းဆို နေကြခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့အနေဖြင့် နိုဝင်ဘာ(၂၇) ရက်နေ့က ဆိုင်ကယ် ရပ်နားခကောက်ခံရရှိသည့်ငွေများအား တက္ကသိုလ်ကျောင်း ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များတွင် သုံးစွဲရေးကိစ္စအား တင်ပြဆွေးနွေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်မတွေ့ခဲ့ဘဲ တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့်သာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးဦးဇာနည်အောင်က ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် ယင်းကိစ္စအား ပြည်ထောင်စုအဆင့်သို့ ချက်ချင်းတင်ပြပေးသွားမည်ဖြစ်ပြီး အဆင့်မြင့် ပညာဦးစီးဌာနနှင့် ညှိနှိုင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် အကြောင်းတစ်စုံတရာပြန်ကြားခြင်း မရှိသည့် အတွက် ယခုလိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့သည် ဆိုင်ကယ်အပ်နှံမှုမှ ရရှိသောလေလံငွေကို ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်အသုံးပြုခြင်းနှင့်ပတ်သတ်၍ ကျောင်းသား/ကျောင်းသူများ၏ သဘောထားကောက်ခံမှုကိုရယူခဲ့ရာ ကျောင်းသား/ကျောင်းသူနဲ့ဆရာ၊ဆရာမဦးရေ၂၅ဝဝဝကျော်အနက် ၂ဝဝဝဝလောက်က ထောက်ခံမဲပေးခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်ကျောင်းတွင် လက်ရှိ ဆရာ၊ ဆရာမ(၇၀၀)ကျော်နှင့် ကျောင်းသား ၂၅၀၀၀ ရှိပြီး လုံခြုံရေး နှင့် သန့်ရှင်းရေးဝန်ထမ်းသည် ၃ဝဝန်းကျင်သာရှိသည့်အတွက် ကျောင်းဆောင်များနှင့် သန့်စင်ခန်းများ၊ လုံခြုံ ရေးနှင့် သန့်ရှင်းရေးကဏ္ဍတို့တွင် တက္ကသိုလ်တစ်ခု၏ အင်္ဂါရပ်နှင့်မပြည့်စုံသည့်အနေအထားဖြစ်ပေါ်နေပြီး ရတနာပုံတက္ကသိုလ်အတွင်း ကျောင်းသူ ကျောင်းသားများထံမှ ဆိုင်ကယ်ရပ်နားခကောက်ခံရရှိသည့်ငွေမှာ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ နီးပါး လေလံရရှိနေသည့်အတွက် ယင်းငွေများသည် ကျောင်းလုံခြုံရေး၊ သန့်ရှင်း ရေး၊ စာသင်ခန်းများတွင် အခန်းတံခါးများပျက်စီးမှု၊ အိမ်သာများလိုအပ်ချက်နှင့်သန့်ရှင်းမှုနှင့် ရေရရှိမှု အားနည်း နေမှုတို့ကို ဖြေရှင်းပေးသွားနိုင်မည်ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ အဖွဲ့ချုပ်) မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly