နျူကလီးယားပဋိညာဉ်ကို ချိုးဖောက်တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲချက်က အခြေအမြစ် မရှိဘူးလို့ ရုရှ ငြင်းပယ်

နျူကလီးယားပဋိညာဉ်ကို ချိုးဖောက်တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲချက်က အခြေအမြစ် မရှိဘူးလို့ ရုရှ ငြင်းပယ်

မော်စကို၊ ဒီဇင်ဘာ ၅ ။             ။ တာလတ်ပစ် နျူကလီးယားလက်နက်တွေကို တားမြစ်တဲ့ စစ်အေးခေတ် အဓိကသဘောတူညီမှု ပဋိညာဉ်ကို ချိုးဖောက်တယ်လို့ အမေရိကန်က စွပ်စွဲနေတာဟာ အခြေအမြစ်မရှိဘူးလို့ ရုရှနိုင်ငံဟာ ဗုဒ္ဓဟူးနေ့က ငြင်းပယ်လိုက်ပါတယ်။

ရုရှအကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဦးကလည်း အမေရိကန်ဟာ ရုရှကို ထိန်းချုပ်ဟန့်တားဖို့ ကြိုးစားနေတာပဲလို့ ပြင်းပြင်းထန်ထန် အပြစ်ဆိုပါတယ်။

နျူကလီးယား ပဋိညာဉ်ကို ချိုးဖောက်ပြီး ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေကို ရုရှက မဖျက်သိမ်းဘူးဆိုရင် ရက် ၆၀ အတွင်းမှာ အမေရိကန်ဟာ အဆိုပါ ပဋိညာဉ်က နုတ်ထွက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ပြောလိုက်ပြီးနောက်မှာ ရုရှဖက်က တုံ့ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

“ဒီ အခြေအမြစ်မဲ့တဲ့ စွပ်စွဲချက်တွေကို အမေရိကန်ဟာ ထပ်တလဲလဲ စွပ်စွဲပြောဆိုနေတော့တာ ဖြစ်တယ်။”လို့ ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးရဲ့ အုတ်မြစ်ဖြစ်တဲ့ တာလတ်ပစ်ဒုံးကျည်များ မထုတ်လုပ်ရေး တားမြစ်တဲ့ INF ပဋိညာဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပြောဆိုရပ်တည်နေတာတွေဟာ သက်သေလည်း မရှိကြောင်း ၎င်းက ပြောပါတယ်။

၁၉၈၇ ခုနှစ်က အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဘာချော့ဗ်တို့ကြားမှာ အဆိုပါ INF ပဋိညာဉ်ကို ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာတော့ ရုရှဟာ ဒီ ပဋိညာဉ်ကို ချိုးဖောက်နေပြီး အမေရိကန်အနေနဲ့ နုတ်ထွက်တော့မယ်လို့ စွပ်စွဲပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly