“ဘယ်မောင်းလား၊ ညာမောင်းလား၊ စနစ်မရှိတဲ့ တိုင်းပြည် ”

“ဘယ်မောင်းလား၊ ညာမောင်းလား၊ စနစ်မရှိတဲ့ တိုင်းပြည် ”

အခုရက်ပိုင်း ကားတင်သွင်းသူတွေကြား၊ ကားအရောင်းအဝယ် လုပ်သူတွေကြား ကားပွဲစားတွေကြားမှာ အပြောဖြစ်ဆုံး အကြောင်းအရာကတော့ သိပ်မကြာသေးခင်တုန်းကမှ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ ပါပဲ။ တကယ်တော့ အဲဒီ ဥပဒေထဲမှာ ပါသင့်ပါထိုက်တဲ့ မူဝါဒ ဆိုင်ရာ အချက်အလက်ကြီးတွေတောင် မပါပါဘူး။ ဒါပေမယ့်လည်း ကားလုပ်ငန်းနဲ့ စီးပွားရှာနေကြသူတွေအတွက်ကတော့ ဒီ ဥပဒေနဲ့ မကြာမီ ထွက်ပေါ်လာမယ့် နည်းဥပဒေဟာ အသက်တမျှ အရေးကြီးနေပါတယ်။ အကြောင်းကတော့ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ပါ။ အဲဒီအထဲ နောင်အခါ ဘယ်ဂိုင်းကား ပဲ သွင်းရတော့မလား၊ ပြည်တွင်းမှာ ရောက်နေပြီးသား ညာဂိုင်းကားတွေကို ဘာဆက်လုပ်ရမလဲ စတဲ့ မေးခွန်းတွေကလည်း အတော်လေးကို ကျယ်လောင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ပြဌာန်းလိုက်တဲ့ ဥပဒေမှာ အရေးကြီးတဲ့ မူဝါဒ ဆိုင်ရာ အချက် မပါဘူးဆိုတာ ခုလိုပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် လမ်းညာဘက်ကပ်မောင်းသော စနစ် ကျင့်သုံးသည်၊ ထို့ကြောင့် ပြည်တွင်း တွင် အသုံးပြုသော ကားများသည် ဘယ်ဂိုင်းကားများသာ ဖြစ်ရမည်။ စတာကို ဆိုလိုတာပါ။ ဒီသတ်မှတ်ချက်ဟာ အလွန်အရေးကြီးပါတယ်။ အခုတော့ ဥပဒေကြီးတစ်ခုသာ ထုတ်ပြန်လိုက်တယ်၊ အဲဒီလို အလွန်အရေးကြီးတဲ့ လမ်းစနစ် သတ်မှတ်ချက် တစ်ခုခု ပါလာတာ မတွေ့ရပါဘူး။ နည်းဥပဒေမှာပဲ ထည့်မယ်ဆိုတဲ့အတွက် ဝန်ကြီးဌာနဟာ သူ့ဖာသာ လမ်းစနစ်ကို ညာကပ်မောင်း၊ ဘယ်ကပ်မောင်း သတ်မှတ်ချင်သလို သတ်မှတ်နိုင်တဲ့ အဓိပ္ပါယ် သွားထွက်ပါတယ်။ တကယ်တော့ လမ်းကို ဘယ်ဘက်ကနေ ကပ်ပြီး မောင်းရမယ် ဆိုတဲ့ သတ်မှတ်ချက်ဆိုတာ အမျိုးသား စံသတ်မှတ်ချက်အဖြစ် ရှိထား သင့်တာမျိုးပါ။ ဒီလို စံသတ်မှတ်ချက်မျိုးတွေ မရှိတာကြောင့် နိုင်ငံထဲမှာ အမျိုးမျိုး အဖုံဖုံ စည်းမရှိ၊ ကမ်းမရှိ ဖြစ်ပျက်နေကြရတာ ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် အာဏာရှင် ဦးနေဝင်း လက်ထက် မတိုင်ခင်က မြန်မာနိုင်ငံမှာ လက်ဝဲဘက် ကပ်မောင်းတဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလို့ ခေါ်တဲ့ မဆလ ဦးနေဝင်း အစိုးရခေတ် ရောက်မှသာ လက်ယာကပ်မောင်း စနစ် ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ တိုင်းပြည်မှာ ဘယ်လို လိုအပ်ချက်တွေကြောင့် ခုလို သတ်မှတ်တယ် မသိနိုင်ပေမယ့် ဗေဒင်ယတြာ အရ ပြောင်းလဲ လိုက်တာ ဆိုပြီး ဝေဖန်ပြောဆိုမှုတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံ အတွက် လက်ဝဲ ကပ်မောင်းစနစ် ကျင့်သုံးမလား၊ လက်ယာကပ်မောင်းစနစ် ကျင့်သုံးမလား ဆိုတာ ကိုယ့်နိုင်ငံစီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်မှု၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ပထဝီ အနေအထား စတာတွေအားလုံးနဲ့ ဆက်စပ် တွက်ချက်ကြရတာမျိုးပါ။ ပညာရှင်တွေ သုတေသနလုပ် ဆုံးဖြတ်ရင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်လိုက်ရင်တော့ ထိုင်းနိုင်ငံဟာ လက်ဝဲ ကပ်မောင်းပါ။ တရုတ်နိုင်ငံကတော့ လက်ယာကပ်မောင်းပါ။ အိန္ဒိယ နိုင်ငံလည်း လက်ဝဲ ကပ်မောင်းပါ။ ဒီထက် နည်းနည်းဝေးရင် ကမ္ဘောဒီယားဟာ မြန်မာလိုပဲ လက်ယာကပ်မောင်း ဖြစ်ပြီး ဗီယက်နမ်ကတော့ လက်ဝဲ ကပ်မောင်း ပြန်ဖြစ်သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေခြာတာ တစ်ခုကတော့ လက်ဝဲကပ်မောင်း စနစ် ကျင့်သုံးတဲ့ တိုင်းပြည်ဆိုရင် ညာဂိုင်းကားတွေကို အသုံးပြုရမှာဖြစ်ပြီး လက်ယာ ကပ်မောင်းစနစ် ကျင့်သုံးတဲ့ တိုင်းပြည် ဆိုရင်တော့ ဘယ်ဂိုင်းကားတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါဟာ လူတွေအားလုံး လုံခြုံမှု ရှိစေဖို့ပါ။ လူတွေဆိုရာမှာ ကားမောင်းသူ၊ ကားပေါ်ပါတဲ့သူတွေတင်မက၊ လမ်းဘေးမှာ သွားလာနေတဲ့ သူတွေအားလုံးနဲ့ လည်းအကျုံးဝင်ပါတယ်။ နိုင်ငံတိုင်း အဲဒီမူကို ကျင့်သုံးကြပါတယ်။

ဒါပေမယ့် အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း လက်ရှိ မြန်မာနိုင်ငံက ကား ၉၀ ရာခိုင်နှုန်းဟာ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေ ဖြစ်နေပါတယ်။ ဒီလို ညာဂိုင်းကားတွေ တင်သွင်း အသုံးပြုနေတဲ့ အတွက် မတော်တဆ မှု ဘယ်လောက်ဖြစ်တယ်၊ လူတွေ အသက်ဘယ်လောက်သေတယ်၊ ထိခိုက်နစ်နာ ဆုံးရှုံးမှု ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မသိနိုင်ပါဘူး။ စနစ်တကျ သုတေသန လုပ်မထား လို့ဖြစ်ပါတယ်။ ဒါပေမယ့် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ရှိတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး။ စီးပွားရေး သဘောအရ ထိခိုက်နစ်နာမှုက ထင်သာမြင်သာပါတယ်။ ဘတ်စ်ကားကြီးတွေ၊ ကုန်ကား ကြီးတွေမှာ ကားမောင်းသူ အပြင် ယာဉ်အကူ ထားရတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဒရိုင်ဘာကို လမ်းကူကြည့်ပေးဖို့ပါ။ ဂုဏ်ယူစရာ ကောင်းတာက ဒါမျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဒီလို ဖြစ်ရတာကလည်း အစိုးရ အဆက်ဆက်ရဲ့ အမျှော်အမြင်ဉာဏ် ကင်းမဲ့မှု၊ စီမံခန့်ခွဲမှု အရည်အချင်း နိမ့်ပါးမှု၊ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား အတွေးအခေါ် လွှမ်းမိုးမှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ လမ်းစနစ်ကို ညာကပ်မောင်းဆို ဘယ်ဂိုင်းကားတွေ ထုတ်လုပ်မယ်၊ တင်သွင်းမယ် ဆိုတာ၊ ဘယ်ကပ်မောင်းဆို ညာဂိုင်းကားတွေ ထုတ်လုပ်မယ် တင်သွင်းမယ် ဆိုတာ တကမ္ဘာလုံးက အစိုးရတိုင်း လိုက်နာ ကျင့်သုံးကြပါတယ်။ လက်ရှိ ဂျပန် ကပဲ တစ်ပါတ်ရစ်ကားတွေ တင်သွင်းချင်သပ ဆိုရင် လမ်းစနစ်ကိုပြောင်း၊ လမ်းစနစ်ကို ပြောင်းဖို့ မဖြစ်နိုင်ဘူးဆိုရင် ဘယ်ဂိုင်းကားတွေကိုပဲ ထုတ်လုပ် တင်သွင်းခွင့်ပြုရမှာဖြစ်ပါတယ်။

တကယ်တော့ လက်ရှိ ပြည်တွင်းမှာ ဂျပန် တစ်ပါတ်ရစ် ညာဂိုင်းကားတွေချည်းပဲ ရောက်နေရတာဟာ အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ အမျိုးသားစံ သတ်မှတ်ချက်ကို မလိုက်နာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ဂရုမစိုက်ပဲ ဂျပန်နဲ့ ဆက်စပ်ပြီး ကားသွင်းနေတဲ့ လက်တစ်ဆုတ်စာ လူတစ်စု အကျိုးစီးပွားအတွက် လိုက်လျောပေးရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကမ္ဘောဒီးယားလို နိုင်ငံငယ်လေးတောင် မလုပ်ပါဘူး။ ကမ္ဘောဒီးယားကလည်း ညာကပ်မောင်းပါပဲ။ ပြည်သူတွေ ဆင်းလည်း ဆင်းရဲပါတယ်။ သူလည်း ဂျပန်ကနေ တစ်ပါတ်ရစ် ကားတွေ ဈေးပေါပေါနဲ့ သွင်းရင် ရတယ်ဆိုတာ သိတာပါပဲ။ ဒါပေမယ့် အမျိုးသားစံနဲ့ မကိုက်ညီတာကို သူ့အစိုးရ လုပ်ခွင့်မပေးပါဘူး။ ကမ္ဘောဒီးယားမှာ ဘယ်ဂိုင်းကားတွေချည်းပဲ အသုံးပြုနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ အမျိုးသား စံတစ်ရပ် စဉ်းစားဆုံးဖြတ် သင့်ပါပြီ။ ညာကပ်မောင်း လမ်းစနစ်ကိုပဲ ဆက်ကျင့်သုံးမယ် ဆိုရင် ဘယ်ဂိုင်းကားတွေချည်းပဲ ထုတ်လုပ်၊ တင်သွင်း၊ အသုံးပြုခွင့်ပေး ရပါမယ်၊ ဂျပန်ကနေ ညာဂိုင်းတစ်ပါတ်ရစ် ကားသွင်းသူတွေ သူ့ဖာသာသူ ဘယ်ဂိုင်းဝယ်လို့ရတဲ့ နိုင်ငံတွေနဲ့ ဆက်စပ်ပြီး သွင်းကြပါလိမ့်မယ်။ အစိုးရက ပူးပေးစရာ မလိုပါဘူး။ ဒီလိုမှမဟုတ်ပဲ ဂျပန် တစ်ပါတ်ရစ်ကားတွေကို သံယောဇဉ်ကြီးလွန်းတယ် ဆိုရင်၊ ဂျပန်ကနေ ကားသွင်းသမားတွေကို စာနာ သနားလွန်းတယ် ဆိုရင်တော့ လမ်းစနစ်ကို ဘယ်ကပ်မောင်းအဖြစ် ပြင်ပေးလိုက်ပါ။ ဒီလိုမှ မဟုတ်ပဲ ခုလိုပဲ စနစ်မကျတဲ့ လမ်းစနစ်နဲ့ ကားစနစ် ဆက်ပြီး အသုံးပြုခွင့်ပေးနေမယ် ဆိုရင်တော့ အရည်အသွေး အလွန်ညံ့ဖျင်းတဲ့၊ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်ကြီးမှာတောင် အမျိုးသားစံ မသတ်မှတ်နိုင်တဲ့ ထူးဆန်းတဲ့ အစိုးရအဖြစ် ဆက်ပြီး မှတ်တမ်းတင် ခံရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags