ပါပူဝါ ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်သားတွေကို သူပုန်တွေ ပစ်သတ်လိုက်သည် ဆိုပြီး သတင်းများထွက်ပေါ်နေမှု အင်ဒိုနီးရှား အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေ

ပါပူဝါ ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်သားတွေကို သူပုန်တွေ ပစ်သတ်လိုက်သည် ဆိုပြီး သတင်းများထွက်ပေါ်နေမှု အင်ဒိုနီးရှား အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေ

ဒီဇင်ဘာ ၄ ။            ။ မတည်မငြိမ် ဖြစ်နေတဲ့ ပါပူဝါ ပြည်နယ်ဘက်မှာ ဆောက်လုပ်ရေးလုပ်သား ၃၁ ယောက်ကို ယင်းပြည်နယ်က ခွဲထွက်ရေးသူပုန်တွေက ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် ယင်း ဧရိယာမှာ ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ခိုင်းထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ရေးရာ ဝန်ကြီးက ပြောပါတယ်။

တကယ်လို့ ယင်း သတ်ဖြတ်မှုသတင်းတွေကသာ မှန်ကန်နေခဲ့ပါက ဒါက နှစ်များစွာအတွင်း အဆိုပါ ပြည်နယ်မှာ ပေါ်ပေါက်တဲ့ လူအသေအပျောက်အများဆုံး အကြမ်းဖက်သတ်ဖြတ်မှု တစ်ခုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

" ခုမနက် မီဒီယာသတင်းတွေမှာ ပြောနေကြတဲ့ ဖြစ်စဉ်တွေကို ကြားရတော့ ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်မိပါတယ်" ဆိုပြီး ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ရေးရာ ဝန်ကြီး ဘူဒီ ဟာဒီမူလ်ဂျိုနိုက ပြောသွားပါတယ်။

တိုးတက်မှု နိမ့်ကျပြီး ဆင်းရဲတဲ့ ယင်းပါပူဝါ ပြည်နယ်မှာတော့ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် နိုင်ငံပိုင် ကန်ထရိုက်တာ Istaka Karya က ယင်းဒေသမှာ လမ်းတွေ၊ တံတားတွေ ဆောက်လုပ်နေတာဖြစ်ပြီး ယင်း ဆောက်လုပ်ရေးဆိုဒ်တွေမှာတော့ အလုပ်သမား အမြောက်အမြား လုပ်ကိုင်နေကြလျက် ရှိပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၃ ရက်က အင်ဒို ပြည်တွင်း သတင်းမီဒီယာတစ်ချို့ရဲ့ ဖော်ပြမှုတွေအရတော့ ယင်း ပြည်နယ်တွင်းမှာ ဆောက်လုပ်ရေးလုပ်သားတွေကို ခွဲထွက်ရေးသူပုန်တွေက ပစ်သတ်သွားခဲ့တယ်ဆိုပြီး ပါရှိလာခဲ့တာဖြစ်လို့ ယခုလို စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly