မန်စီတိုက်ပွဲတွင် အရပ်သား ၂ဦးသေဆုံးကာ ၁ဦးဒဏ်ရာရဟုဆို

မန်စီတိုက်ပွဲတွင် အရပ်သား ၂ဦးသေဆုံးကာ ၁ဦးဒဏ်ရာရဟုဆို

ချင်းမိုင်၊ စက်တင်ဘာ ၂၆ ။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စက်တင်ဘာ ၂၅ရက် ညနေထိ အရပ်သား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။

မန်စီမြို့ မောရဝတီရပ်ကွက်မှ အရပ်သား ၃ ဦး သေဆုံးသည်ဟု သိရသော်လည်း မည်သည့် အတွက်ကြောင့် သေဆုံးသည်ကို မသိရကြောင်း မိုင်းခေါင်ဒုက္ခသည်စခန်းမှ တာဝန်ခံ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဆရာ ဦးဒမောင်နော်က ပြောသည်။

“ကျနော် သိသလောက် ၂၃ ရက် ညမှာ ကျနော် ဗန်းမော်ကနေ ပြန်လာတာ နမ်ဖာခ(ချောင်း)ရောက်တဲ့အချိန် ဗုံးပေါက်ကွဲသံကြားလို့ ကျနော်က ရောက်တဲ့နေရာက နေပြန်လှည့်သွားတယ်။ ၂၄ ရက် အစောကြီး ကျနော်တက်လာတဲ့အချိန်မှာ အဲဒီ အလောင်း မိုးကာနဲ့ အုပ်ထားတယ်။ အဲဒီက စစ်ဗိုလ်က ကျနော်တို့ ဘယ်ကလဲလို့ မေးလို့ ကျနော်က မိုင်းခေါင်ကပါပြောပြီး ဖြတ်သွားလိုက်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

သို့သော် မိုင်းခေါင်သို့ တက်လာသော အဆိုပါ လင်မယားကို ပန်ဆတ်ကျေးရွာ ရာအိမ်မှူးက အခြေအနေမကောင်းသဖြင့် မဖြတ်ရန် တားမြစ်သော်လည်း ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ လင်မယားနှင့် အခြားတစ်ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးသည်ဟု သူက ပြေသည်။ သို့သော် အစိုးရ စစ်တပ်က ပစ်သတ်၍လော နှင့် ဗုံးကြောင့် သေဆုံးခြင်း ဆိုသည်ကို မသိရကြောင်း သူက ပြောသည်။

စက်တင်ဘာလ ၂၄ ရက်တွင်လည်း မိုင်းခေါင်မှ ပစ်လိုက်သည့် အစိုးရ၏ လက်နက်ကြီးကြောင့် ကောင်းလိန်ကျေးရွာမှ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုသမီးတစ်ဦး ဒဏ်ရာခဲ့သည်ဟု သူက ဆိုသည်။

မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သော စက်တင်ဘာလ ၂၃ ရက်က KIA ၏ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အစိုးရ စစ်တပ်ဘက်မှ သေဆုံးမှု များရှိသဖြင့် အစိုးရ စစ်တပ်ဘက်မှ ဒေါသထွက်၍ အရပ်သားများကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ မှ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“မိုင်းခေါင်နဲ့ မန်ဝိန်းကြားမှာ စစ်ကူ တက်လာတာ ကျနော်တို့ မိုင်းနဲ့ တိုက်ခိုက်တာ သူတို့ဘက်က ၅ ဦးသေ၊ ၃ ဦးဒဏ်ရာရတယ်လို့ ပြောတယ်။ အဲဒါကြောင့် စိတ်ဆိုးပြီး နာရဝတီကဆိုင်ကယ်နဲ့ တက်လာတာကို ဗမာလင်မယားကို ပစ်သတ်လိုက်တယ်။ နောက် မနေ့က မိုင်းခေါင်ကနေ ပစ်လိုက်တဲ့ လက်နက်ကြောင့် ကျည်စတွေ ကောင်လိန်ရွာက ရှမ်းကလေး တစ်ဦး ထိမှန်တယ်လို့ သိရတယ်”ဟု သူက ပြောသည်။

အရပ်သား လင်မယား နှစ်ဦး အမျိုးသားက ကျော်မင်းခိုင်၊ အမျိုးသမီးက ဒေါ် ကြာရွှေမြင့် အစိုးရ စစ်တပ်က ပစ်သတ်လိုက်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်ကလည်း ကောင်းလိန်ကျေးရွာမှ ရှမ်းကလေးငယ် တစ်ဦးအား ထိမှန်သည်ဟု သိရကြောင်း သူက ပြောသည်။

စက်တင်ဘာလ ၂၅ ရက် မွန်လွဲ ၁၂ နာရီမှ ၁ နာရီအထိ တစ်နာရီခန့်ကြာ အစိုးရနှင့် KIA တို့အကြား မန်စီမြို့နယ် လိုင်ကာဇွပ်ဂျာကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှစတင်၍ အစိုးရနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားလာသဖြင့် မန်စီမြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအနီး တဝိုက်ရှိ လိုင်ကာဇွပ်ဂျာ (laika zup Ja)၊ မုန်းလူ(Mung lu)၊ ဂျေဆောင်(Jesawn)နှင့် ဖဂါရိုင်(Hpaga Rai)၊ ကုန်းခါးပါ စသည့် ကျေးရွာများမှ အိမ်ထောင်စု ၆၉ ခု ရွာသား ၂၆၃ ဦးတို့သည် စက်တင်ဘာလ ၂၅ ရက်ထိ မိုင်းခေါင် ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာသည်ဟု မိုင်းခေါင်ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆရာဒမောင်နော်က ပြောသည်။

သို့သော် အစိုးရ စစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသဖြင့် ကျေးရွာများသို့ ကျန်ရှိနေသော ရွာသား၂၂ ဦးကို ယနေ့ထိ သွားရောက် ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း သူက ပြောသည်။ “နှစ်ဖက် စလုံးက တင်းမာနေကြတော့ ကျနော်တု့ိ ဘယ်လိုမှ သွားခေါ်လို့ မရဘူး”ဟု ဆရာဒမောင်နော်က ပြောသည်။

KIO သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေသည်။ သို့သော် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးကြောင်း မကြာသေးမီက KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လာက ရန်ကုန်မြို့ရှိ ကချင်လူထုများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly