မကွေးတွင် လယ်ယာသုံးစက်ကိရိယာများကို သက်သာသောနှုန်းဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ငှားရမ်းပေးနေ

မကွေးတွင် လယ်ယာသုံးစက်ကိရိယာများကို သက်သာသောနှုန်းဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ငှားရမ်းပေးနေ

မကွေး၊ ဒီဇင်ဘာ ၂ ။           ။ မကွေးတိုင်းရှိ တောင်သူဦးကြီးများ လုပ်ငန်းခွင်အဆင်ပြေရန် လယ်ယာသုံးစက်ကိရိယာများကို သက်သာသော နှုန်းထားဖြင့် မကွေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ အငှားဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။

လယ်ယာလုပ်သားရှားပါးမှုအခြေအနေအရ လယ်ယာသုံးစက်ကိရိယာများကို ခေတ်က မဖြစ်မနေ တောင်းဆို လာနေပြီး အငှားဝန်ဆောင်မှုများ နှုန်းထား သက်သာစွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးတိုင်းစက်မှု လယ်ယာဦးစီးဌာနမှ သိရသည်။

“တစ်ဧကနှုန်းပြောရရင် ထွန်စက်ကြီးမှာ ထွန်မောင်း ၇၅ဝဝကျပ် ၊ ထယ်ဆိုရင် ၁၅ဝဝဝကျပ် ၊ ဓါးစက်ထွန် ၁၅၀၀၀ ကျပ် ၊ ကောက်စိုက်စက် ၂၅၀၀၀ ကျပ် ၊ ရိတ်သိမ်းခြွေ့လှေ့စက် ၄၀၀၀၀ ကျပ် နှုန်းထားတွေနဲ့ အငှားဝန်ဆောင်မှုတွေ ပေးနေပါတယ် ” ဟု မကွေးတိုင်းစက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဇော်က ပြောသည်။

ဌာနမှ နယူးဟော်လန် မြင်းကောင်ရေ(၉၀) ၂၀ စီး ၊ မြင်းကောင်ရေ(၇၅) ၁၅စီး ၊ ဆိုနာလီကာ မြင်းကောင် ရေ(၉၀) ၁၈စီး ၊ မြင်းကောင်ရေ(၇၅) ၂ရစီး ၊ ကူဗိုတာ(47) ၁ဝစီး ၊ ကူဘိုတာ(15) ၅စီး စုစုပေါင်း ထွန်စက် အစီးရေ ၉၅ စီးကို မြို့နယ်စခန်းများသို့ ခွဲဝေပေးထားပြီး ကူဘိုတာ DC-17G ရိတ်သိမ်းခြွေလှေ့စက် ၂၂ စီး ၊ တရုတ် ၆တန်းသွား ကောက်စိုက် စိုက်(၇)စီးဖြင့်လည်း ဝန်ဆောင်မှုပေးနေကြောင်း ၄င်းက ဆိုသည်။

ဌာန၏စာရင်းကောက်ယူမှုများအရ တိုင်းအတွင်းတောင်သူများလက်ဝယ်တွင် ထွန်စက်ကြီး စီးရေ ၄၉၀၀ ကျော် ၊ လက်တွန်းထွန်စက် စီးရေ နှစ်သောင်းကျော် ၊ ရိတ်သိမ်းခြွေလှေ့စက် ၁၃၂ စီး ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်သူများ အနေဖြင့် ၄င်းတို့၏လုပ်ငန်းခွင်အပြင် ငှားရမ်းမှုလုပ်ငန်းများလုပ်ဆောင်နေကြကြောင်း ၊ လိုအပ်ချက်ရှိပါက မြို့နယ်များရှိ လယ်ယာဝန်ဆောင်မှုအသင်းများသို့လည်း ချိတ်ဆက်ငှားရမ်းနိုင်ပြီး အခြားဒေသများမှ အစုအဖွဲ့လိုက် လာရောက်ငှားရမ်းမှုများလည်း ရှိကြောင်း မကွေးတိုင်းစက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ဦးစီးဌာနအနေဖြင့် လယ်ယာသုံးစက်ကိရိယာပျက်စီးမှုများအား အခမဲ့ပြုပြင်ပေးခြင်း ၊ လယ်ယာသုံးစက် ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်တန်းများပေးခြင်း ၊ ဌာနနှင့် လယ်ယာသုံးစက်ကိရိယာကုမ္ပဏီများ ချိတ်ဆက်ကာ အရစ်ကျဝယ်ယူလိုသူများအတွက် ကြားခံဆောင်ရွက်ပေးခြင်းများကို ၂၀၁၈ ခုနှစ် နှစ်ဆန်းမှ စတင်လုပ်ဆောင်ပေးလျက်ရှိကြောင်း မကွေးတိုင်း စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဇော်ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly