ဆေးကျောင်းနှင့်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ခွင့်မရတော့ခြင်းအပေါ် ကျောင်းသားမိဘများက သတင်းစာရှင်းလင်း

ဆေးကျောင်းနှင့်အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ခွင့်မရတော့ခြင်းအပေါ် ကျောင်းသားမိဘများက သတင်းစာရှင်းလင်း

မန္တလေး၊ ဒီဇင်ဘာ ၂ ။          ။ ပညာရေးဝန်ကြီးဌာန၏ စနစ်သစ် တက္ကသိုလ်ဝင်ခွင့်ကြောင့် ၂၀၁၇-၂၀၁၈ တက္က္တသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော်လည်း ဆေးကျောင်းနှင့်အခြား အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များကိုလည်း တက်ရောက်ခွင့် မရရှိတော့ခြင်းနှင့်ပတ်သက်၍ မိဘအချို့နှင့် ကျောင်းသား၊ ကျောင်းသူအချို့က ယနေ့ ဒီဇင်ဘာလ ၂ ရက်၊ နံနက် ၁၀ နာရီမှာ မန္တလေးမြို့၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၈၆ လမ်းရှိ Community Center တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ခွင့်မရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူ ၂၀၇ ဦး ရှိနေပြီး တက်ရောက်ခွင့်ရရှိရန်အတွက်လည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဝန်ကြီးဌာနအသီးသီးကို ပြီးခဲ့သည့်လ နိုဝင်ဘာလ ၁၆ ရက်က စာပေးပို့ တောင်းဆိုထားသည်ဟုလည်း ကျောင်းသားမိဘတစ်ဦးဖြစ်သူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၊သချင်္ာဌာန၊ တွဲဖက်ပါမောက္ခ ဦးစန်းလွင်က ပြောသည်။

ယခု ဆေးတက္ကသိုလ် တက်ခွင့်မရသူများသည် ယခင်နှစ်က သတ်မှတ်ထားသည့် ဆေးတက္ကသိုလ် ဝင်ခွင့် အမှတ်ကို မီသူများနှင့်ကျော်လွန်သူများဖြစ်နေပြီး စနစ်သစ်တက္ကသိုလ်ဝင်ခွင့်ကြောင့်သာ ဆေးတက္ကသိုလ် တက်ခွင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် မိဘများက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဆေးတက္ကသိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်များကို အမျိုးသား ၅၀၅ မှတ်၊ အမျိုးသမီး ၅၁၅ မှတ်ဖြတ်ကာ ရွေးချယ်ပြီး ယခင်နှစ်ထက် သင်တန်းသားဦးရေ ၁၃၁ ဦး လျှော့ချခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဆေးတက္ကသိုလ်အမှတ်မမီသူများအနေဖြင့် ဆက်နွှယ်ရာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါး တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်များသို့ ထပ်မံလျှောက်ထားသော်လည်း ယင်းတက္ကသိုလ်များကို ဦးစားပေးလျှောက်သူများဖြင့် ကျောင်းသားဦးရေ ပြည့်သွားသောကြောင့် တက်ရောက်ခွင့် မရကြခြင်းလည်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ စနစ်သစ် တက္ကသိုလ်ဝင်ခွင့်အကြောင်းကို မိဘများနှင့်ကျောင်းသား၊ကျောင်းသူများက ကြိုတင်မသိခဲ့ရသလို သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများ မလုပ်ခဲ့ကြောင်း ရတနာပုံတက္ကသိုလ်၊အင်္ဂလိပ်စာဌာန၊ ကထိက ဦးသုတက ဆိုသည်။

လက်ရှိအချိန်တွင် တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် ၁၁ ခုသို့  အဆိုပါ ဆေးနှီးနွှယ်တက္ကသိုလ် လျှောက်ထားခဲ့သော ကျောင်းသားများက နိုဝင်ဘာ ၂၄ ရက်က ဝင်ခွင့် ထပ်မံလျှောက်ထားခဲ့သော်လည်း လူဦးရေ ပြည့်သွားခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် ၁၁ မှာ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊  မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့ ဖြစ်သည်။

ထိုကျောင်း ၁၁ ကျောင်းတွင် ဝင်ခွင့်မရသူများသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဝင်ခွင့် ရွေးချယ်သည့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင်သာ တက်ရောက်ခွင့် ရမည် ဖြစ်နေခြင်း ဖြစ်သည်။

အနာဂတ် သားကောင်းရတနာတွေအတွက် ဆေးတက္ကသိုလ် တက်ခွင့်ရရှိစေရန်အတွက် မိဘများက ဆက်လက်ကြိုးစား တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု မန္တလေးသတင်းစာရှင်းလင်းပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly