လူ ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲတဲ့ လူထုမာရသွန်အပြေးပြိုင်ပွဲကြီး ရန်ကုန်တွင် ကျင်းပ

လူ ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲတဲ့ လူထုမာရသွန်အပြေးပြိုင်ပွဲကြီး ရန်ကုန်တွင် ကျင်းပ

ရန်ကုန်   ဒီဇင်ဘာ   ၂ ။           ။ လူပေါင်း ၅၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တဲ့ လူထုမာရသွန်အပြေးပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၂ ရက် နေ့၊ မနက် ၅ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပံ့ပိုး ကူညီပြီး Yangon 100PLUS Activ Run 2018 မာရသွန်အပြေးပြိုင်ပွဲကြီးကို ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

" ဒီမာရသွန်အားကစားနည်းက အရမ်းကိုပျော်ရွှင်စရာကောင်းပြီးတော့ ကိုယ့်ရဲ့သူငယ်ချင်းအပေါင်း အသင်းတွေ၊ မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ်ကစားနည်းဖြစ်တယ်။ ပြေးရုံတင်မဟုတ်ဘူး။ ကျန်းမာရေးနဲ့ လူနေမှုဘဝပုံစံကို ဖော်ဆောင်နိုင်တယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် မြန်မာပြည်မှာ မာရသွန်ပွဲ တွေက အရမ်းကို နည်းနေသေးတယ်။ ကျွန်မတို့အနေနဲ့ကလည်း ဒီထက်ပိုမိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နေပါတယ်။ ပြည်သူလူထုအနေနဲ့လည်း နောက်နှစ်တွေမှာ ပိုမိုပါဝင်ပါဆင်နွှဲကြပါလို့ ပြော ချင်ပါတယ်။" လို့ 100PLUS ရဲ့ Brand & Sponsorship မန်နေဂျာ ဒေါ်ဇင်ထားလဲ့က ပြောပါတယ်။

ယခင်နှစ် ၂၀၁၇ ခုနှစ် ပထမအကြိမ် မာရသွန်အပြေးပြိုင်ပွဲကြီးမှာ လူဦးရေ ၅၀၀၀ ကျော်ပါဝင်ခဲ့ပြီး ယခုနှစ်မှာတော့ လူဦးရေ ၅၆၀၀ ကျော်အထိ ဝင်ရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ လူထု မာရသွန်အပြေးပြိုင်ပွဲအခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီမာရသွန်ပြိုင်ပွဲကြီးမှာ အနုပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစားအသောက်နဲ့ ဆေးဝါး ကုမ္ပဏီတွေနဲ့ အားကစားဝါသနာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။

" အဓိက ဒီပွဲတော်ကြီးမှာ အဓိကပါဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးအတွက်ပါပဲ။ လူတွေက ကျန်းမာရေးအတွက် အားကစားလုပ်ရမယ်။ ကျန်းမာရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့က လည်း အားဆေးကုမ္ပဏိဆိုတော့ ဒီပွကြ ဒုတိယအကြိမ် ပါဝင်တာပေါ့နော်။ လက်ရှိသန်ထမ်းပေါင်း ၆၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။" လို့ Asia Winner ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်သူ ဦးနိုင်ဝင်းအောင်က ပြော ပါတယ်။

ဒီမာရသွန်ပြိုင်ပွဲကြီးမှာ ၁၀ ကီလိုမီတာစိန်ခေါ်ပြိုင်ပွဲနဲ့ ၃.၅ ကီလိုမီတာ အပျော်တမ်း အပြေး/ လမ်း လျှောက်ပြိုင်ပွဲဆိုပြီး ၂ မျိုး ကျင်းပခဲ့တာပါ။ ပါဝင်ယှဉ်ပြိုင်သူ လူထောင်ပေါင်းများစွာဟာ သုဝဏ္ဏ ဘောလုံးကွင်းကနေ ဝေဇယန္တာလမ်းတစ်လျှောက် ကီလိုမီတာသတ်မှတ်ချက်တွေနဲ့  ဝင်ရောက်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဆုတွေအဖြစ် ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲမှာ ပထမဆုကို ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၈ သိန်း၊ တတိယဆုကို ငွေကျပ် ၅ သိန်းနဲ့ အခြားဆုကြေးများလည်း ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly