မြိတ်၊ ဒီဇင်ဘာ ၁ ။ ။ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ တနင်္သာရီကျွန်းအနီး၌ နိုဝင်ဘာ ၂၉ ရက်နေ့က စစ်တွေမှ စက်လှေဖြင့် ရောက်ရှိလာသော ဘင်္ဂါလီလူမျိုး ၃၈ ဦးကို တနင်္သာရီရေတပ်စခန်းဌာနချုပ်ရှိ စစ်ရေယာဉ်အမှတ် ၅၅၈ မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ကျွန်းစုရေပြင်အတွင်း စက်လှေဖြင့် ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၃၈ ဦးမှာ စက်သုံးဆီ၊ သောက်သုံးရေ နှင့် စားနပ်ရိက္ခာများ ပြတ်လပ်၍ ကျွန်းတစ်ကျွန်းသို့ ချည်းကပ်ရာမှ စစ်ရေယာဉ် အမှတ် ၅၅၈ မှ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဒေသခံ ငါးဖမ်းစက်လှေတွေက သတင်းပေးလို့ မသင်္ကာတာကြောင့် သွားရောက်စစ်ဆေးရာမှ မလေးရှားသို့ သွားရောက်မည့် ဘင်္ဂါလီလူမျိူး ၃၈ ဦးကို တွေ့ရှိခြင်း ဖြစ်တယ်”ဟု တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိမှာ အဆိုပါစက်လှေဖြင့် အထောက်အထားမဲ့ ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၃၈ ဦးကို စစ်ဆေးပြီး၊ စက်လှေကို သိမ်းဆည်းခဲ့ပြီး၊ စစ်ရေယာဉ်ဖြင့် နေရပ်ဖြစ်သည့် စစ်တွေမြို့၊ သဲချောင်းကျေးရွာသို့ ပြန်လည် ပို့ဆောင်ထားကြောင်း အထက်ပါတာဝန်ရှိသူထံမှ သိရသည်။
စက်လှေပေါ်တွင် ဘင်္ဂါလီလူမျိုး ကျား ၁၉ ဦး၊ မ ၁၁ ဦး ၊ ကလေး ကျား ၄ ဦး နှင့် မ ၄ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ လိုက်ပါလာခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အနီး ပင်လယ်ပြင်၌ စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာမှ ဘင်္ဂါလီဒုက္ခသည် ၉၃ ဦး လိုက်ပါလာသည့်လှေတစ်စင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ညက တွေ့ရှိခဲ့ပြီး ကျောက်တန်းမြိုအနီး ဖမ်းဆီးရရှိမှုအပါအဝင် ရခိုင်ပြည်နယ်မှ လှေစီးထွက်ပြေးမှု နိုဝင်ဘာလအတွင်း ၃ ကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။