တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်းတွင်ပါဝင်သော ပုဒ်မတချို့ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမည်

တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်းတွင်ပါဝင်သော ပုဒ်မတချို့ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမည်

မန္တလေး၊ ဒီဇင်ဘာ ၁ ။         ။ တိုင်းရင်းဆေးကောင်စီ ဥပဒေမူကြမ်းတွင်ပါဝင်သော ပုဒ်မတချို့သည် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများရှိနေကြောင့် ပြန်လည်ပြင်ဆင်ပေးရန် ကန့်ကွက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းသားဟောင်းအသင်း အတွင်းရေးမှူး ဦးအေးကိုက မဇ္ဈိမကိုပြောသည်။

 "အခုပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတဲ့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၁၅ (စ)လုံးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျောင်းသားဟောင်း အသင်းများအားလုံးက လုံးဝလုံးဝ သဘောမတူပါဘူး။ ကန့် ကွက်ပါတယ်။ဘာလို့လဲဆိုတော့ စနစ်တကျသင်ရိုးမရှိဘဲ မိရိုးဖလာဆေးကုသတတ်ရုံနဲ့ တိုင်းရင်းဆေးဆရာ ဖြစ်ခွင့် လက်မှတ် တ/ဆ လက်မှတ် ရမယ့်အနေအထား ဒီလိုစနစ်တကျသင်ရိုးညွှန်တမ်းမရှိ စနစ်တကျ သင်ကြားခြင်းမရှိဘဲ ပြည်သူကိုကျန်းမာရေးစောင့်ရှောက်မယ်ဆိုတော့ ပြည်သူတွေ သောက်သောက်လဲ ဒုက္ခ ရောက်ကုန်မှာပေါ့။"ဟု တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းသားဟောင်းအသင်းမှ အတွင်းရေးမှူး ဦးအေးကိုက ပြောသည်။

 ၂၀၁၈ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေမူကြမ်းပူးပေါင်းကော်မတီမှ ဥပဒေကြမ်း တင်သွင်းသူ၊တိုင်းရင်းဆေးကောင်စီ၊တိုင်းရင်းဆေးဆရာအသင်းတို့ တွေ့ဆုံညှိုနှိုင်း၍ ပြည်ထောင်စုလွှတ်တော် သို့တင်ပြသည့် ဥပဒေကြမ်းတွင်ပါဝင်သည့် အခန်း(၄) ပုဒ်မ၁၅ ပုဒ်မခွဲ(စ)တွင် တိုင်းရင်းဆေးဆရာ ဖြစ်ထိုက် သူ၏ အရည်အချင်းသတ်မှတ်ခြင်းဟုပါရှိပြီး အခန်း(၁၁)တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ မှတ်ပုံတင်ခြင်း အခန်း ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) တွင် အထက်ပါအရည်အချင်းသတ်မှတ်ထားသူများကို တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့် တနည်းအားဖြင့် (တဆ) ပေးခွင့်ပြုထားသည်ကို ပြည်လည်ပြင်ဆင်ပေးရန်အတွက် ကန့်ကွက် တောင်းဆိုသွားမှာလည်း ဖြစ်သည်ဟု တိုင်းရင်းဆေးသမားတော် ဦးဇော်မင်းကဆိုသည်။

 "ဒီလိုက မဖြစ်သင့်ဘူး။ဒီလို အလွယ်တကူလုပ်နေမယ်ဆိုရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းဆင်းတွေ၊ သိပ္ပံ ကျောင်းဆင်းတွေ အခက်တွေ့တာပေါ့။ကျွန်တော်က နှစ်ရှည် ပညာသင်ခဲ့ရတယ်။သူတို့က အလွယ်တကူ လုပ်နေရင် ဘယ်သူက တက္ကသိုလ်တက်တော့မှာလဲ။ဥပဒေကို ပြန်ပြင်ဆင်ပေးဖို့လိုပါတယ်။"ဟု ဦးဇော်မင်း ကပြောသည်။

 ထိုဥပဒေများပါဝင်နေခြင်းသည် တိုင်းရင်းဆေးတက္ကသိုလ်ရှိ ကျောင်းသား၊ကျောင်းသူအားလုံး၏ အခွင့်အရေး ကို ထိခိုက်သည်ဟုယုံကြည်ကြောင်း၊ တိုင်းရင်းဆေးဆရာဖြစ်ရန်အတွက် တက္ကသိုလ်ဝင်တန်းတွင် ရမှတ်(၄၀၀) ကျော်အောင် ကြိုးစားရသကဲ့သို့ တိုင်းရင်းဆေးတက္ကသိုလ်တွင်လည်း တစ်နယ်တကျေးမှလာရောက်၍ စာတွေ့ လက်တွေ့ ၅ နှစ် တက်ရောက်ပြီး နှစ်တိုင်းတွင် အချိန်၊ ငွေအင်အား၊ ဝီရိယ၊ များစွာသုံး၍ ပင်ပင်ပန်းပန်း ကြိုးစား မှသာ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးမှ ထိုတိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်(တဆ) ကိုရရှိ ပါသည်။ ထိုသို့ အချိန်၊ ငွေအင်အား၊ လုံ့လ ဝီရိယများစွာ အားမထုတ်ရပါဘဲ အရည်အချင်းတစ်ခု သတ်မှတ်ယုံဖြင့် တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်(တဆ) ပေးရမည်ဆိုသည်မှာ တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများမှာ များစွာနစ်နာနေသည်ဟု ကျောင်းသား၊ကျောင်းသူအချို့ကဆိုသည်။

 တိုင်းရင်းဆေးပညာခေတ်မီစွာ ဖွံ့ဖြိုးတိုးတက်စေရန် အဆိုပါ တိုင်းရင်းဆေးကောင်စီဥပဒေတွင်ပါဝင်သော အခန်း(၄)၊ ပုဒ်မ(၁၅) ပုဒ်မခွဲ(စ) တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ၏ အရည်အချင်းသတ်မှတ်ခြင်းနှင့် အခန်း (၁၁)၊ ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) ပုဒ်မ၁၅(စ) အရည်အချင်းပြည့်မှီသူများကို တိုင်းရင်းဆေးဆရာမှတ်ပုံတင်ပေးခြင်း စသော ပုဒ်မ (၂) ခုအား ပယ်ဖျက်ပေးပါရန် ကန့်ကွက်တောင်းဆိုသွားမည်ဟု သိရသည်။

 
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required