အခြေခံကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခေါ်ယူနေ

အခြေခံကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခေါ်ယူနေ

ဒီဇင်ဘာ ၁ ။           ။ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေးဆရာ၊ ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်းသား ဘာသာသင် (Language Teacher) များ ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) ရာထူးကို လျှောက်ထားလိုသူသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသက် (၁၈) နှစ် ပြည့်ပြီး အနိမ့်ဆုံးပညာ အရည်အချင်း (၉) တန်းအောင်မြင်ရန် လိုအပ်ပြီး မြန်မာဘာသာစကားနှင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြော သင်ကြားနိုင်သူဖြစ်ရမည့်အပြင် မူလတန်းအောက်ဆင့် KG ၊ ပထမတန်း၊ ဒုတိယတန်း၊ ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းချက်များကို သင်ကြားပေးနိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

တိုင်းရင်းသားဘာသာသင် (Language Teacher) များအတွက် လျှောက်ထားလိုသူသည် အသက် (၁၈)နှစ်ပြည့်ပြီး ပြဋ္ဌာန်းထားသည့် သက်ဆိုင် ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြောသင်ကြားပေးနိုင်သူ ဖြစ်ရမည်။

ရွေးချယ်ခန့်ထားခံရသူသည် ခန့်ထားသည့် ဒေသ ကျောင်းတွင် အနည်းဆုံး (၃)နှစ် ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသခံများကို ခန့်အပ်ခြင်း ဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါဟု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ သိရသည်။

လျှောက်လွှာပုံစံများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဖေ့ဘွတ်ခ်တွင် Download ရယူ၍လည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် အခမဲ့ရယူနိုင်ပြီး ဒီဇင်ဘာ ၃ ရက်မှ ဇန်နဝါရီ ၁၈ ရက်အတွင်း အချက် အလက်များ ပြည့်စုံစွာဖြင့် လျှောက်ထားနိုင်သည်။

ဒေသခံတိုင်းရင်းသားများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုဦးစီးဌာနညွှန်ကြားရေးမှူးရုံးများတွင် လည်းကောင်း၊ နေပြည်တော်တွင်း နေထိုင်သူ သည် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)သို့ လည်း ကောင်း လျှောက်ထားနိုင်သည်။ လျှောက်လွှာ နှင့်အတူ ခိုင်လုံမှန်ကန်သော ပညာအရည်အချင်း ထောက်ခံ ချက်၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ဓာတ်ပုံ(၃)ပုံ၊ ကျန်းမာကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်များ ပူးတွဲပါရှိရန် လိုအပ်သည်။

တိုင်းရင်းသားလူမျိုးများ၏ ပညာရေး တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၉၃၁၄၊ ၀၆၇-၃၄၀၉၃၁၅ နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် စုံစမ်းနိုင်သည်ဟု သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly