ရန်ကုန်၊နိုဝင်ဘာ ။ ။ စင်ကာပူ ရိုးရာအစားသောက်တွေနဲ့ မြန်မာရိုးရာ အစားသောက်တွေကို ပူးတွဲရောင်းချနေတဲ့ Singapore Festival ပွဲတော်ကိုရန်ကုန်မြို့ ဘိုကလေးစျေးလမ်းမှာ နိုဝင်ဘာ ၃ဝရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ညနေ ၄ နာရီကနေ ည ၉ နာရီအချိန်အတွင်း ကျင်းပနေပါတယ်။
"ဒီစင်ကာပူပွဲတော်မှာ စင်ကာပူက အစားစာတွေနဲ့ မြန်မာအစားစာတွေကို ဆိုင်ခန်း ၂ဝနဲ့ ပူးတွဲရောင်းချ ပေးမှာဖြစ်တယ်။ဒီမှာ ၅ဝဝကျပ်တည်းနဲ့ အစားစာတွေကို လာရောက်လည်ပတ်ရင်း စားနိုင်မှာပါ။ "လို့ Singapore Tourism Board အဖွဲ့မှ Assistant Chief Executive Mr.Chang Chee Pey က ပြောပါတယ်။
Singapore Tourism Board အဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ယခုပွဲတော်ဟာ တတိယအကြိမ်မြောက်ပွဲတော် လည်း ဖြစ်ပါတယ်။
" အရင်ကြိမ်တွေတုန်းက Shopping Mall တွေမှာ လုပ်တယ်။ ဒီနှစ်တော့ အပြင်မှာ ကျင်းပဖြစ်တယ်။ အဓိက ကတော့ ကျယ်ကျယ်ပြန့်ပြန့်လည်းဖြစ်တယ်။ဒေသခံတွေနဲ့လည်း နီးစပ်စေချင်လို့ပါ" လို့ Singapore Tourism Board အဖွဲ့မှ Assistant Chief Executive Mr.Chang Chee Pey က ပြောပါတယ်။
ပွဲတော်အတွင်း အစားအသောက်များသာမက ပွဲတော်ကိုလာရောက်သူများထဲမှ ကလေးငယ်များအတွက်လည်း အရုပ်ဆက်တာတွေ၊ ပန်းချီဆေးရောင်ခြယ်တဲ့ ကစားနည်းတွေလည်း ပါဝင်ပြသထားပါတယ်။