အာဖဂန် မိဘတွေက အကြွေးဆပ်ဖို့နဲ့ ဝမ်းရေးအတွက် သမီးပျိုတွေကို ရောင်းစားပြီး အတင်းအိမ်ထောင်ချပေးနေ

အာဖဂန် မိဘတွေက အကြွေးဆပ်ဖို့နဲ့ ဝမ်းရေးအတွက် သမီးပျိုတွေကို ရောင်းစားပြီး အတင်းအိမ်ထောင်ချပေးနေ

ကဘူးလ်၊ နိုဝင်ဘာ ၂၈ ။           ။ ဆိုးဝါးပြင်းထန်တဲ့ မိုးခေါင်မှုဒဏ်ကို ခါးစည်းခံနေရတဲ့ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာထောက်ထားရေးအခြေအနေက အဆိုးဝါးဆုံး ဖြစ်နေပါတယ်။

မိဘတွေဟာ အကြွေးဆပ်ဖို့နဲ့ ဝမ်းစာဖြည့်တင်းနိုင်ဖို့ သမီးပျိုတွေကို ရောင်းစားပြီး အတင်းအကြပ် အိမ်ထောင်ပြုချပေးတဲ့အထိ ဒုက္ခဆိုးကြုံနေရတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောပါတယ်။

မိုးခေါင်မှုဒဏ် ခံနေရတဲ့ ဟာရတ်နဲ့ ဘတ်ဂ်ဒီစ်ပြည်နယ်တွေမှာ လေးလတာ ကာလတိုလေးမှာပဲ အသက် တစ်လသမီးကနေ ၁၆ နှစ်သမီးအထိ ရောင်းချခံရတဲ့ ကလေးငယ်ပေါင်းက ၁၆၁ ဦး ရှိကြောင်း ကုလသမဂ္ဂ ကလေးများအေဂျင်စီက ခန့်မှန်းထားပါတယ်။

“အာဖဂန်မှာ ကလေးငယ်တွေရဲ့ အခြေအနေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးဝါးနေပါပြီ။”လို့ ဂျနီဗာမှာ ယူနီဆက်ဖ်က ပြောရေးဆိုခွင့်ရှိသူ အလီဆန်ပါကားက သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်နစ္စတန်ဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ရပ်ကို ဂျနီဗာမှာ ကျင်းပရာမှာ ပြောခွင့်ရသူ ပါကားက “ဇူလိုင်ကနေ အောက်တိုဘာလအတွင်းမှာ မိဘတွေဟာ အကြွေးပိတာကြောင့် သူတို့ သမီးမိန်းကလေးတွေကို အတင်းစေ့စပ်ကြောင်းလမ်းပေးတာ၊ အိမ်ထောင်ချတာနဲ့ ရောင်းချတာတွေ လုပ်ဆောင်ခဲ့ကြတယ်။”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“မိုးခေါင်တဲ့ ကာလအတွင်း အိမ်ထောင်စုပေါင်း ၈၀ ရာခိုင်နှုန်းကျော်ဟာ အကြွေးနွံနစ်သွားရတယ်။ ကံဆိုးစွာပဲ ကလေးငယ်လေးတွေဟာ ခုဆိုရင် အပေါင်ပစ္စည်းလို ဖြစ်သွားကြရပါတယ်။”ဆိုပြီး ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly