မိုးအောင်ရင်အား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် မြို့နယ်တရားရုံးမှအမိန့်ချ

မိုးအောင်ရင်အား မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် မြို့နယ်တရားရုံးမှအမိန့်ချ

ရန်ကုန်၊ နိုဝင်ဘာလ ၂၇ ။          ။ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၂ ရပ်ကွက်၊ နေကြာ/သာယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်းတစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သရုပ်ဆောင်မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

သရုပ်ဆောင်မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးကတရားခွင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/၁၆(ဂ)ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် မြို့နယ်တရား သူကြီးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅ အရ ထောင်ဒဏ် ၃နှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၆(ဂ) အရ ထောင်ဒဏ် ၅ နှစ်၊ ယင်းပြစ်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည့်အတွက် သရုပ်ဆောင် မိုးအောင်ရင်မှာ ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက် ၃ နာရီခန့်တွင် တာမွေမြို့နယ် တာမွေလေး ရပ်ကွက်ရှိ မင်းရဲကျော်စွာအိမ်ရာ၌ ငှားရမ်းနေထိုင်သည့် မိုးအောင်ရင်၏နေအိမ်သို့ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးအောင်ရင် ၏ အိပ်ယာအောက်မှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အပြင် ခုတင်ကြမ်းပြင်ပေါ်မှ ဘိန်းဖြူအမှုန့်ကပ်နေသော ဘူးများ၊ ဘိန်းဖြူထိုးသွင်းရာတွင် အသုံးပြုသည့် ကိရိယာများ၊ ဆေးရှူရာတွင် အသုံးပြုသော ပိုက်တပ်ကော်ဘူးများကိုလည်း သိမ်းဆည်းရမိခဲ့သည့် အပြင် လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်တို့၏ ဘောင်းဘီအိတ်ကပ်များအတွင်းမှ ဘိန်းဖြူထိုးသွင်းရာတွင် အသုံးပြု သော (1.CC) ဆေးထိုးပိုက်များအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ သရုပ်ဆောင်မိုးအောင်ရင်ရောက်ရှိနေသော ပုဇွန်တောင်မြို့နယ်၊ ၂ ရပ်ကွက်၊ နေကြာ/သာ ယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်းတစ်ခုသို့ ဆက်လက်ရှာဖွေခဲ့ရာ သရုပ်ဆောင်မိုးအောင်ရင်အား  ၎င်းလွယ်ထားသော အိတ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မိုးအောင်ရင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၅/၁၆(ဂ)ဖြင့် ပုဇွန်တောင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးခဲ့ပြီး ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့ကို မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ ဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်တရားရုံးမှ မူး/စိတ်ပုဒ်မ- ၁၅/ ၁၆(ဂ) ပုဒ်မနှစ်ခုဖြင့် နိုဝင်ဘာ လ ၂၆ ရက်နေ့က ထောင်ဒဏ် ၅ နှစ်ကျခံစေရန်အမိန့်ချမှတ်လိုက်ပြီးဖြစ်သော်လည်း မိုးအောင်ရင်အား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင်လည်း မူး/စိတ် ပုဒ်မ- ၁၉(က) ဖြင့် တရားစွဲတင်စစ်ဆေးနေသောအမှု တစ်ခုရှိနေ ကာ အဆိုပါအမှုအတွက် အမိန့်ချမှတ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျန်နှစ်ဦးဖြစ်သည့် ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့ကိုမူ လုံးဝအမိန့်ချမှတ်သေးခြင်းမရှိသေးပေ။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ၎င်းတို့ ၃ ဦးအား စွဲဆိုထားသော မူးယစ်ဆေးဝါးအမှုများအတွက် ခရိုင်တရားသူကြီးက နိုဝင်ဘာလ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုထားခဲ့သော်လည်း စွပ်စွဲခံရသူ စုံလင်မှုမရှိသဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့အား ပြန်လည်ချိန်းဆိုထားသည်။

မိုးအောင်ရင်မှာ ပုဇွန်တောင်မြို့နယ်တရားရုံးမှ အမှုအတွက် ထောင်ကျအကျဉ်းသားဖြစ်နေသဖြင့် ခရိုင်သို့ လာရောက်ရန်စာဖြင့် ဆင့်ခေါ်ရမည်ဖြစ်ကြောင်း၊ စွပ်စွဲခံရသူ စုံလင်မှသာ ခရိုင်မှ ၎င်းတို့အား စွဲဆိုထားသော မူးယစ်ဆေးဝါးအမှုများအတွက် အမိန့်ချမှတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမိုးကျော်ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly