အောင်မြေသာစံမြို့နယ်ရှိ ဆရာစံစျေးကို အဆင့်မြှင့်တင်မည်

အောင်မြေသာစံမြို့နယ်ရှိ ဆရာစံစျေးကို အဆင့်မြှင့်တင်မည်

မန္တလေး၊ နိုဝင်ဘာ ၂၇ ။           ။ မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်ရှိ ဆရာစံစျေးကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်လျက်ရှိသည်ဟုမန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

ထိုသို့ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ လုပ်ဆောင်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်လုပ်ဆောင်နိုင်ရန် လျာထား ထားကြောင်း ဒေါက်တာရဲလွင်ကဆိုသည်။

"၁၉၉၂ခုနှစ်က ဝင်းခြံခတ်ပြီး ဖြစ်သလိုဆောက်ခဲ့လို့ စျေးအခြေအနေကတော်တော်လေးဆိုးနေပါပြီ။"ဟု ဒေါက်တာရဲလွင်က ပြောသည်။

အဆိုပါစျေးတွင် အတည်ပျံကျဆိုင် ၈၃၁ ခန်းနှင့်ပျံကျစျေးသည် ၉၅ဝဦးခန့်ရှိနေပြီး စျေးအနီး ရပ်ကွက်များနှင့် မီးရထားလမ်းဘေးများပါ စျေးသည်များ ပြည့်နှက်နေကြောင်းသိရသည်။၎င်းစျေးကို ယခင်က မီးရထား ဘူတာ ကို အစွဲပြု၍ ဘူတာစျေး၊သူရဲစျေး စသည်ဖြင့် ခေါ်ဝေါ်ခဲ့ပြီး ၁၉၉၂ခုနှစ်တွင် ဆရာစံဘောလုံးကွင်းသို့ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ကြောင့် ဆရာစံစျေး ဖြစ်လာခြင်းဖြစ်သည်။

အဆိုပါစျေးရှိ အများသုံးသန့်စင်ခန်းမှာလည်း အသားငါးဆိုင်များနှင့် နီးကပ်နေခြင်းကြောင့် ကျန်းမာရေး အနေ အထားအရ စျေးပြင်ထုတ်ရန်၊ စျေးတောင်ဘက်နှင့်မြောက်ဘက်တွင် ကွန်ကရိလမ်းခင်းရန်၊ စျေးပြင်ပ အထည် ပျံကျစျေးဆိုင်းခန်းများတည်ဆောက်ပေးရန်၊စျေးအပြင်ဘက် ရေမြောင်းများ precast drains with cover တည်ဆောက်ပေးရန် ၊စျေးအတွင်းရေမြောင်းငယ်များပြုပြင်ပေးရန်တို့အတွက် ဌာနအလိုက် ညှိုနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ဒေါက်တာရဲလွင်က ဆိုသည်။

 

စျေးအဆင့်မြှင့်ပြုပြင်ခြင်းများကို ဆောင်ရွက်ရာတွင် စျေးရုံအလိုက် တောင်ဘက်မှစတင်၍ တစ်ဆင့်ခြင်း ဆောက်လုပ်ပေးသွားမည်ဟု သိရပြီး မီးရထားလမ်းဘေးဆိုင်များနှင့်စျေးအနီး ရပ်ကွက်အတွင်း ပျံကျဖွင့်လှစ် ရောင်းချနေသည့် စျေးဆိုင်များကိုလည်း စျေးပတ်ပတ်လည်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။ထို့အပြင် စျေးအဆင့်မြှင့်တင်ခြင်းကို မိုးရာသီ မရောက်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးနှင့်ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly