ထောင်ဒဏ် ကျခံနေရ၍ မိုးအောင်ရင် မလာရောက်နိုင်သောကြောင့် ခရိုင်တွင် အမိန့်မချဖြစ်

ထောင်ဒဏ် ကျခံနေရ၍ မိုးအောင်ရင် မလာရောက်နိုင်သောကြောင့် ခရိုင်တွင် အမိန့်မချဖြစ်

ရန်ကုန်၊ နိုဝင်ဘာလ ၂၇ ။            ။  ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်တရားရုံးမှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သဖြင့် ထောင်ဒဏ်ကျခံနေ၍ မလာရောက်နိုင်သောကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ အမိန့်မချဖြစ်ဘဲ ထပ်မံရုံးချိန်း ချိန်းဆိုလိုက်သည်။

 နိုဝင်ဘာလ ၂၆ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးတွင် မူးယစ် ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ဖြင့် ၃ နှစ်၊ ပုဒ်မ- ၁၆(ဂ)ဖြင့် ၅ နှစ် တို့အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ကျခံရမည် ဖြစ်သည်။

 ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်လည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ- ၁၉ (က)၊ ၎င်း၏ သူငယ်ချင်းနှစ်ဦးဖြစ်သည့် လူလူသန်းဦးနှင့် ဘုန်းမြင့်အောင် (ခ)ဒေးဗစ် တို့အား ပုဒ်မ- ၁၉(က)၊ ၁၅ ဖြင့် တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်သည်။

 " မနေ့က ပုဇွန်တောင်မြို့နယ်တရားရုံးကနေပြီး မိုးအောင်ရင်က်ို ထောင်ချလိုက်တယ်။ ဒါကြောင့် သူသည် ပုဇွန်တောင်မြို့နယ်တရားရုံးက အမှုအတွက် ထောင်ကျအကျဉ်းသားဖြစ်သွားပြီ။ ဒါကြောင့် ထွက်မလာတာဖြစ်တယ်။ အဲ့ဒီတော့ ထောင်ကျအကျဉ်းသားကို သပ်သပ်ဒီကနေ စာထုတ်ပြီးတော့ ဆင့်ခေါ်ရမှာဖြစ်တယ်။ အဲ့ဒီတော့ စုံမှသာ အမိန့်ချမှတ်နိုင်မှာဖြစ်ပါတယ် "ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမိုးကျော်က ပြောသည်။

 စစ်ဆေးနေသည်မှာ ၂ နှစ်ကျော်ကြာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ခရိုင်တွင် စွဲဆိုထားသော မိုးအောင်ရင် ပါ ၃ ဦး၏ မူးယစ်အမှုအတွက် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန်ချိန်းဆိုထားခြင်းဖြစ်သော်လည်း မိုးအောင်ရင် မလာရောက်နိုင်သဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

 အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မိုးအောင်ရင်အား အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နှင့်အတူ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏ ရည်စားဖြစ်သူနေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

 ထို့အပြင် မိုးအောင်ရင်၏ နေအိမ်ဖြစ်သော တာမွေမြို့နယ်နေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly