သက်ငယ်မုဒိမ်းမှုများ ယခုနှစ်အတွင်း ပိုများလာဟု လူကယ်ပြန် ဒုဝန်ကြီးပြော

သက်ငယ်မုဒိမ်းမှုများ ယခုနှစ်အတွင်း ပိုများလာဟု လူကယ်ပြန် ဒုဝန်ကြီးပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ။            ။ ၂၀၁၈ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုများ ပိုမိုများပြားလာကြောင်း လူဝင်မှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

“၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဆောင်ရွက်ပေးခဲ့ရတဲ့ အကြမ်းဖက်မှုတွေမှာ သက်ငယ် မုဒိမ်းမှုက ၂၅၅ မှု နဲ့ အမျိုးသမီးသက်ကြီး ရွယ်အို ၅၄ မှု ရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှုက ပိုမိုများပြားနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီးက ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ Hotel Max တွင် ကျင်းပပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနား အဖွင့်မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်းမှ ကူညီစောင့်ရှောက်မှု ပေးခဲ့သည့် အဆိုပါ ၈၁၉ ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Help Line သို့ ပြည်နယ်နှင့်တိုင်း အသီးသီးမှ တိုင်ကြားလာသည့် အမှုကိစ္စများ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင်လည်း သက်ငယ် မုဒိမ်းမှု ၈၃၈ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် စာရင်းများအရ သိရသည်။

“ ဒီ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် အမှန်တကယ်ဖြစ်ပွားတဲ့ အမှုများမှာ များပြားနေသော်လည်း ကျွန်တော်တို့ ဝန်ကြီးဌာနကို ဆက်သွယ်တိုင်ကြားလာတဲ့ အမှုအရေအတွက်က ဆက်သွယ်မှုက နည်းပါး နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် ညွှန်းပို့ဆက်သွယ်ဆောင်ရွက်ပေးနိုင်မယ့် ဝန်ဆောင်မှုများအပေါ်မှာ ကျွန်တော်တို့ ပြည်သူများအနေနဲ့ သိမြင်မှု နည်းပါးနေကြောင်း တွေ့ရှိရတဲ့အတွက် အကြမ်းဖက်မှု တားဆီးနှိမ်နင်းကာကွယ်ရေးအတွက် လုပ်ငန်း ဆောင်ရွက်သူများ အားလုံး ပူးပေါင်း၍ ထိထိရောက်ရောက်နဲ့ အသိပညာပေးအစီအစဉ်များ တိုးမြှင့် ဆောင်ရွက်ပေးကြရန်”လည်း ဦးစိုးအောင်က မေတ္တာရပ်ခံခဲ့သည်။

လက်ရှိ အစိုးရသစ်လက်ထက် ရက် ၁၀၀ ပြည့် စီမံချက်အတွင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနတွင် လူမှုရေးကိစ္စ
များ ဖြေရှင်းနိုင်ရန်အတွက် (Help Line စင်တာ ၀၆၇- ၄၀၄၂၂၂၊ ၀၆၇-၄၀၄၉၉၉) ကို ၂၄ နာရီ ဖွင့်လှစ်ထားပြီး တိုင်ကြားနိုင်သည်။

တစ်ဖက်တွင်လည်း အမျိုးသမီးများ၊အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ လူမှု အရပ်ဘက် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အလျှင်အမြန် ပေါ်ပေါက်ရေးအတွက် ရေးဆွဲလျက်ရှိပြီး လာမည့် ၂၀၁၉ခုနှစ်တွင် လွှတ်တေ်ာသို့ တင်သွင်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဥပဒေပြဋ္ဌာန်းနိုင်ပါကလည်း အကြမ်းဖက်မည့်သူ တစ်ဦးတစ်ယောက်အတွက် မကျူးလွန်မီတွင် ထိုဥပဒေမှ အဟန့်အတားဖြစ်စေနိုင်ရန်အတွက် ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြက မီဒီယာများကို ပြောသည်။

“ ဒီ ဥပဒေတွေကလည်း အများပြည်သူလေးစားလိုက်နာနိုင်တဲ့ ဥပဒေလည်းဖြစ်ရမယ်။ တကယ်ထိရောက်တဲ့ ဥပဒေလည်းဖြစ်ရမယ်။ ဥပဒေတွေက ကိုယ်တိုင်လက်တွေ့ ကျင့်သုံးနိုင်ဖို့ အဓိက ကျတယ်။ အဲ့ဒီလို ဥပဒေမျိုးဖြစ်ရင် ဒါ အားလုံးက ဥပဒေအကြောင်းအရလည်း တစ်ခု ထိရောက်စွာ ကာကွယ်တာလည်း လိုတယ်”ဟု ၄င်းကပြောသည်။

အမျိုးသမီးနှင့် ကလေးငယ်များ အား နည်းမျိုးစုံဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကုန်အထိ စုစုပေါင်း ၈၁၉ ဦးအား လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပေးခဲ့သည်ဟု လူမှုဝန်ထမ်းမှ ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly