နိုဝင်ဘာ ၂၆ ။ ။ နယူးဇီလန်နိုင်ငံမှာ ရောင်းချတဲ့ စတော်ဘယ်ရီသီးထဲမှာ အပ်တစ်ချောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့မနက်မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လက သြစတြေးလျမှာ ရောင်းချနေတဲ့ သစ်သီးတွေထဲမှာ အပ်တွေကို တွေ့ရှိခဲ့ပြီးနောက်ပိုင်း နယူးဇီလန်မှာပါ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံ၊ ဂျီရာတင်းမြို့ရှိ ဆိုင်တစ်ဆိုင်မှာရောင်းတဲ့ သစ်သီးခြင်းထဲက စတော်ဘယ်ရီသီးတစ်လုံးထဲမှာ အပ်တစ်ချောင်းတွေ့ရှိခဲ့တာဖြစ်ကြောင်း နယူးဇီလန်ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ဆိုင်ပိုင်ရှင် ဂယ်ရီရှစ်အနေနဲ့ ဆိုင်မှာ တင်ရောင်းနေတဲ့ စတော်ဘယ်ရီတွေအားလုံးကို ဖယ်ထုတ်လိုက်ပေမယ့် အဆိုပါသစ်သီးခြင်းကို သြစတြေးလျက မှာထားတာလား၊ နယူးဇီလန်ကပဲ မှာထားတာလားဆိုတာကို မပြောခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါစတော်ဘယ်ရီကို စားမိတဲ့ သူကတော့ ဘာမှမဖြစ်ခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လက သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်အတွက် စတော်ဘယ်ရီခြံမှာ အလုပ်လုပ်တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရပါတယ်။
ယခုဖြစ်ပွားခဲ့တဲ့ ကိစ္စအတွက်လည်း နယူးဇီလန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။