အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို လာမည့်နှစ်တွင် ထွက်ရှိနိုင်ဖွယ်ရှိ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးဥပဒေကို လာမည့်နှစ်တွင် ထွက်ရှိနိုင်ဖွယ်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ။             ။ အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် ဥပဒေနှင့်အညီ တုံ့ပြန်ဖြေရှင်းပေးရန်၊ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေ” ကို လာမည့် ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းတွင် ထွက်ရှိနိုင်ရန် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

“ ကျွန်တော်တို့ အမျိုးသမီးထုကြီးကို အသိပေးလိုတာကတော့ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာတော့ ကျွန်တေ်ာတို့ တင်ပြနိုင်ဖို့အတွက်ကို စီစဉ်ထားတယ်ဆိုတဲ့အကြောင်းလည်း ကြိုတင်ပြီးတော့မှ အသိပေးအပ်ပါတယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို တိုးမြှင့်အားပေးဆောင်ရွက်သွားရန်ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့နေရာ မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များရဲ့ လိုအပ်ချက်များကို ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါ ဥပဒေကို ယခင်အစိုးရလက်ထက် ၂၀၁၅ခုနှစ်တွင်းက ရေးဆွဲခဲ့ပြီး အဆိုပါနှစ်အတွင်း ရွေးကောက်ပွဲ များ ရှိနေသည့်အတွက် ဆိုင်းငံ့ထားရသည့်အခြေအနေမျိုးရှိနေခဲ့ရသည့်အတွက် ကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း  သိရသည်။

“ ကျွန်တော်တို့ အစိုးရသစ် တက်လာတဲ့အခါမှာ ရေးဆွဲလက်စရှိတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတော်အစိုးရသစ်ရဲ့ ပြည်သူတွေ အပေါ်မှာ ကတိကဝတ်ပြုထားတဲ့ ကိစ္စတွေရယ်၊ ပြည်သူတွေကို အရေးပေးပြီးတော့မှ ဆောင်ရွက်ရမယ့် ကဏ္ဍနယ်ပယ်တွေ အလိုက်ကို ပြန်လည်သုံးသပ် စိစစ်နိုင်ဖို့အတွက် ပြန်လည် ချမှတ်တဲ့အတွက် ၂၀၁၆ ခုနှစ်က ပြန်လည်ပြီးတော့မှ၊ အသစ်ပြန်ပြီးတော့မှ Modified လုပ်ပြီး တော့မှ ပြန်လည်ပြုပြင်ရေးဆွဲနေတဲ့အတွက် ကြာနေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်”ဟု အဆိုပါ ဥပဒေ ထွက်ရှိရန်အတွက် ကြန့်ကြာနေရခြင်းအကြောင်း ပြောသည်။

ယနေ့ နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ Hotel Max တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာစစ်တမ်းများအရ ကမ္ဘာပေါ်ရှိ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် အကြမ်းဖက်ခံနေရပြီး ၊ အကြမ်းဖက်မှု ဆိုသည်နှင့် ရုတ်ချည်းမြင်မိကြသည်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုကို မြင်နေရသည့်အတွက် အခြားသော အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း ဒေါ်ဝိုင်းစန္ဒီမြင့်( Programme Specialist, UNFPA Myanmar) က ပြောသည်။

 “စိတ်ပိုင်းဆိုင်ရာတို့၊ စီးပွားရေးပိုင်းဆိုင်ရာတို့၊ လိင်ပိုင်းဆိုင်ရာရှိမယ်၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေပေါ့၊ အန္တရာယ်ဖြစ်စေတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာမျိုးတွေရှိတယ်။ ဆိုတော့ အဲဒါမျိုးတွေကိုလည်း ကျွန်မတို့ အကြမ်းဖက်တဲ့အထဲမှာ ထည့်ပေးပြီးတော့ စဉ်းစားဖို့ လိုအပ်တယ် ”ဟု ဒေါ်ဝိုင်းစန္ဒီမြင့်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ကျင့်သုံးနေသည့် ဥပဒေသည် ပုဒ်မ ၃၇၆(မုဒိမ်းမှု) နှင့် ပုဒ်မ ၃၇၇(ဓမ္မတာနှင့်ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ) များနှင့် ပြစ်ဒဏ်ချမှတ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required