မိမိနိုင်ငံ ကောင်းစားရေးကို ဦးထိပ်ထားနိုင်ကြစေဖို့

မိမိနိုင်ငံ ကောင်းစားရေးကို ဦးထိပ်ထားနိုင်ကြစေဖို့

ခုတလော မဲဆွယ်နေကြသည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ အနှောင့်အယှက်မျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းတွေ နားမ ဆန့်အောင် ကြားနေကြရသည်။

တာဝန်ရှိဝန်ထမ်းတွေက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ တားရဆီးရသည့် သဏ္ဍာန်မျိုးတွေ လည်း ရှိသည်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေက ဟန့်တားသည့် ပုံစံမျိုးတွေလည်း ရှိသည်။ ရပ်ကွက်နေ ပြည်သူအချို့က မလိုလားသည့် ဆန္ဒဖော်ထုတ်မှု အသွင်မျိုးလည်း ရှိသည်။ လူလုံးမပြဘဲ ချောင်းမြောင်း၍ ထိခိုက်ဒဏ်ရာရအောင် လုပ်ကြံသည့် လုပ်နည်းပုံဟန်မျိုးလည်း ရှိသေးသည်။

ပါတီ ကိုယ်စားပြုသူတို့က မိမိတို့ပါတီ အနိုင်ရရေး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တို့ကလည်း မိမိတို့ အနိုင်ရရေး နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ မဲဆွယ်စည်းရုံးကြမည် ဖြစ်သည်။

ထိုသို့ စည်းရုံးကြရာတွင် အနှောင့်အယှက်ပြုသူတို့က ပြောင်ပြောင်တင်းတင်း ဖြစ်စေ၊ ပုန်းလျှိုး ကွယ်လျှိုး ဖြစ်စေ၊ မည်သို့ပင် ပြုလုပ်သည်ဖြစ်စေကာမူ နှောက်ယှက်ခံရသူတို့ကို ထိခိုက်လေ ပြည်သူ က ခံရသူကို သနားကာ မေတ္တာပိုထားလေ ဖြစ်မည်သာ။

သတင်းမီဒီယာများ၏ သတင်းတင်ပြနိုင်မှု အားကောင်းမြန်ဆန်လာခြင်း၊ လူမှုကွန်ရက်များ၏ သတင်းပျံ့နှံ့နိုင်မှု အထူးမြင့်မားလာခြင်းတို့ကြောင့် မဲဆွယ်မှုသတင်း၊ နှောင့်ယှက်မှု သတင်းတို့မှာ အချိန်နှင့်အမျှ ပြည်သူတို့ထံ စီးဝင်လျက်ရှိသည်။ ထိုအထဲ၌ သတင်းမှားများ၊ ပုံဖျက်သတင်းများကို တော့ ပြည်သူတို့ သတိပြုရန် လိုကြောင်း အထူးပြောရန် မလိုတော့ချေ။

ဤနေရာတွင် အနှောင့်အယှက်ပြုသူများ သတိရှိရမည်မှာ ထိုသို့ နှောင့်ယှက်ခြင်းဖြင့် မိမိက အနိုင်မရလိုက်ဘဲ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုသာ အကျိုးသက်ရောက်ကာ နှောင့်ယှက်ခံရပါမှ ပိုမို အကျိုးဖြစ်ထွန်းသွားစေမည့် သဘောတရား ရှိနေခြင်း ဖြစ်သည်။ မိမိက ပျက်စီးစေလိုမှ တစ်ဘက်က ပိုမို ဖြစ်ထွန်းသွားနိုင်သည့် နိယာမသဘောကို ဆိုလိုသည်။

တဖန် နိုင်ငံရေးကို လုပ်ဆောင်ကြရာတွင် ညစ်ပတ်စိတ်ဖြင့် မပြုမိကြဖို့ အထူး အရေးကြီး သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် နိုင်ငံတိုးတက်စေလိုသော စိတ်ကောင်း စိတ်မြတ်ဖြင့် နိုင်ငံရေးလုပ်ကြမည်ဆိုက အောက်တန်း နောက်တန်းကျကာ အဘက်ဘက်၌ ယိုယွင်း နေသည့် မိမိနေထိုင်ရာ နိုင်ငံကောင်းစားရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးရာရောက်ပြီး မိမိပါ “ကျွဲကူး ရေပါ” ပါသွားအောင် စဉ်းစားသင့်ကြသည်။

မိမိတို့ မဲမရမည်သိလျက် မဲပေးနိုင်သူများ မဲပေးခွင့်ရအောင် ကူညီသည့် စိတ်ထားမျိုးမှာ အလွန် ချီးကျူးဖွယ် ကောင်းလှသည်။ ထိုစိတ်ထားမျိုးဖြင့် နိုင်ငံရေးကို ပွင့်လန်းလာအောင်၊ ဒီမိုက ရေစီစနစ် ထွန်းကားရေးကို အဆင်ပြေ ချောမွေ့လာအောင် အားလုံး ဝိုင်းဝန်း လုပ်ဆောင်သင့်ကြသည်။

မိမိမဲဆွယ်ရမည့် အရပ်ဒေသ၌ မိမိတော့ စိတ်တိုင်းကျ မဲဆွယ်စည်းရုံးခွင့်ရစေ၊ မိမိပြိုင်ဘက် ကိုတော့ အခက်တွေ့စေဆိုသည့် စိတ်ထားဖြင့် နိုင်ငံရေး လုပ်ပါက ထိုသူကို ပြည်သူက မည်သို့ သဘောထားမည် ဆိုသည်ကို ဗေဒင်မေးလျှင်ပင် ဆန်ကုန်ပါဦးမည်။

အချုပ်မှာ ဒီမိုကရေစီစနစ်ကို ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ လက်ခံ ဖော်ထုတ်လိုသူ တို့သည် ဒီမိုကရေစီနှင့် ထိုက်တန်သော စိတ်ထားဖြင့် လုပ်ဆောင်ကြဖို့၊ ပြိုင်ဘက်ကို မတရားနည်းဖြင့် အနိုင်အထက် တိုက်ခိုက်ခြင်းဖြင့် တစ်ဘက်ကသာ အားသာသွားမည်ကို နှလုံးသွင်းလျက် မိမိ နိုင်ငံတော် အကျိုးကို ဖော်ဆောင်မလား၊ မိမိအကျိုးကို ဆောင်ယူမလား စဉ်းစားချင့်ချိန် လုပ်ဆောင် သင့်လှပါကြောင်း အသိတရား လက်ကိုင်ထားနိုင်ကြစေဖို့ ရေးသားအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags