ခရိုင်းမီးယား ကျွန်းဆွယ်အနီး ယူကရိန်း စစ်သင်္ဘောသုံးစင်းကို ရုရှား ဖမ်းဆီးထား၍ တင်းမာမှု မြင့်တက်နေ

ခရိုင်းမီးယား ကျွန်းဆွယ်အနီး ယူကရိန်း စစ်သင်္ဘောသုံးစင်းကို ရုရှား ဖမ်းဆီးထား၍ တင်းမာမှု မြင့်တက်နေ

နိုဝင်ဘာ ၂၆ ။                  ။ မော်စကို အစိုးရ သိမ်းယူထားတဲ့ ခရိုင်းမီးယား ကျွန်းအဆွယ်အနီးက ရေလက်ကြားတစ်ခုမှာ ယူကရိန်း ရေတပ်သင်္ဘော သုံးစင်းကို ဖမ်းဆီးသိမ်းယူထားကြောင်း ရုရှား အစိုးရက နိုဝင်ဘာ ၂၅ ရက်မှာ အတည်ပြုပါတယ်။

အဆိုပါ လုပ်ရပ်ကြောင့် လက်ရှိအချိန်မှာ ကိယက်ဗ်ရဲ့ အနောက်အုပ်စု မဟာမိတ်တွေအကြား တပ်လှန့်လိုက်သလို ဖြစ်စေခဲ့ပြီး စစ်ရေးပိုင်း တင်းမာလာမယ့်  အခြေအနေအပေါ်မှာလည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

ယခု ဖြစ်စဉ်မှာ ရုရှားတို့ဘက်က Kerch ရေလက်ကြားမှာ မိမိတို့ ရေယာဉ်တွေကို ပစ်ခတ်ပြီး သိမ်းပိုက်ထားတာဖြစ်ကြောင်း ယူကရိန်း ရေတပ်က စွပ်စွဲပါတယ်။

" ယူကရိန်း စစ်သင်္ဘောတွေကို တားဆီးဖို့အတွက် လက်နက်တွေ အသုံးပြုခဲ့ရပါတယ်" ဆိုပြီး ရုရှရဲ့ FSB လုံခြုံရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

ယခုလို ရေတပ်သင်္ဘောတွေကို ရုရှတို့ ဖမ်းဆီးထားမှုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ယူကရိန်းနိုင်ငံတွင်းမှာ အမျက်ဒေါသထွက်မှုတွေ ရှိနေပြီး ညတွင်းချင်းမှာပဲ လမ်းမတွေပေါ်ထိ ရောက်ရှိလာခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ခရိုင်းမီးယားကျွန်းဆွယ် အပြင်ဘက်မှာ စစ်သင်္ဘောတွေ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ယူကရိန်းမြို့တော်မှာ ရှိတဲ့ ရုရှာသံရုံးအပြင်ဘက်မှာ ဆန္ဒပြသူတွေ စုရုံးရောက်ရှိလာကြပါတယ်။

လူ ၁၅၀ ခန့်ရှိတဲ့ ဆန္ဒပြလူအုပ်ဟာ ရုရှားသံရုံးရှေ့မှာ မီးကျည်တွေနဲ့ ပစ်ပေါက်ခဲ့သလို အနည်းဆုံး သံရုံးရှေ့က ကားတစ်စီးလည်း မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

ခုဖြစ်စဉ်ကြောင့် ရုရှား-ယူကရိန်းနှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်သထက် မြင့်တက်စေခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခုဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားဖို့ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly