မီဒီယာများ ကိုယ့်အချင်းချင်း ပြန်ထိန်းစေချင်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

မီဒီယာများ ကိုယ့်အချင်းချင်း ပြန်ထိန်းစေချင်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၂၅ ။               ။ သတင်းလွတ်လပ်ခွင့်အား တောင်းဆိုနေသည့်အချိန်တွင် သတင်းမှား ရေးသားနေသူများအား အစိုးရမှ သတင်း မီဒီယာကောင်စီအား တိုင်ကြားနေသည်ထက်စာလျှင် မီဒီယာများအချင်းချင်း ပြန်ပြီး ထိန်းကျောင်း ပေးစေချင်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်သည်။

" ဒီလိုသတင်းမှားတွေ တင်လိုက်တဲ့အခါကြတော့ အမှန်ပြောရရင်တော့ ဒါက character assassination (ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြောဆိုတာ) ဗျ။ ကျွန်တော်ပါတီမှာရှိနေတဲ့ လူပုဂ္ဂိုလ်တချို့၊ ပါတီရဲ့ပုံရိပ်ကို ပျက်ပြား စေအောင်လုပ်နေတာ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ကိုယ့်အချင်းချင်းပြန်ထိန်းရတာလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီလိုပဲ ဖြစ်စေချင်တာပေါ့"ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မိမိကိုယ်တိုင်ပင် ထိုသို့ character assassination (ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြောဆိုခြင်း) လုပ်ခံနေရကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းမရှိဘဲ ဆေးတက္ကသိုလ် ဘွဲ့လွန်တက်ရောက်နေသည့် မိမိ၏ သမီးဖြစ်သူကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည်ဟုဆိုကာ character assassination (ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြော ဆိုခြင်း) လုပ်ခံရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆက်ပြောသည်။

" ကျွန်တော့် သမီးက ဘွဲ့လွန်တက်နေတဲ့ဟာ။ ဘာမှစီးပွားရေးလည်း မလုပ်ဖူးဘူး။ ဆေးတက္ကသိုလ်မှာ ဘွဲ့လွန် တက်နေတယ်။ ဆရာဝန်။ ကျွန်တေ်ာတို့မျိုးရိုးက ဆရာဝန်ပဲ။ ဒီစီးပွားရေးမလုပ်တဲ့သူကို စီးပွားရေး လုပ်တယ် ဆိုပြီးလုပ်တာက အမှန်တော့ assassination (ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြောဆိုခြင်း)ပဲ။ တနည်းအား တော့ NLD နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို ပျက်စေချင်တာ။ ၂၀၂၀ အတွက်ပေါ့။ မီဒီယာတွေက ဒီလိုမျိုးရေးတဲ့ သူတွေကို ပြန်ပြီးတော့ ၀ိုင်းကြဉ်သင့်တယ်ဗျ။ အခုက မီဒီယာတွေအကုန်လုံးက ဘာမှမပြောဘူးဗျ။ ဘာမှတ်ချက်မှ မပေးဘူး။ ဒါမဖြစ်သင့်ဘူး ထင်တယ်"ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ တိုက်ကြီးမြို့နယ်၊ အုန်းနှဲပင်ကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာတွင် ကျင်းပပြု လုပ်ခဲ့သည့်  "နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ" ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကျင်းပအပြီး မန္တလေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာ ဇော်မြင့်မောင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly