အားကစားကလပ် ဖွင့်လှစ်လိုက်တဲ့ သရုပ်ဆောင် ထားထက်ထက်

အားကစားကလပ် ဖွင့်လှစ်လိုက်တဲ့ သရုပ်ဆောင် ထားထက်ထက်
ဓာတ်ပုံ-သက်ကို

ရန်ကုန်   နိုဝင်ဘာ   ၂၅ ။            ။ ကျန်းမာရေးကောင်းမွန်ပြီး၊ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာ၊ အဆီကျလှပချင်သူတွေအတွက် သရုပ်ဆောင် ထားထက်ထက်က Triple H Sports Club လို့ အမည်ပေးထားတဲ့ အားကစားကလပ်တစ်ခုကို ဖွင့်လှစ် လိုက်ပါတယ်။

ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းက ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

" ဂျွမ်းဘားကိုတော့ ကလေးတွေကို သင်နေတာကြာပြီ။ စနေ၊ တနင်္ဂနွေမှာသင်တယ်။ ဒါပေမယ့် လူကြီးတွေ အတွက် သီးသန့်က လူကြီးတွေလည်း နောက်ပိုင်းကစားချင်လာတယ်ဆိုတော့ ဂျွမ်းဘားကိုရော၊ တခြား Yoga တို့ Zumba တို့ရော Club တွေသီးသန့် ဖွင့်ဖြစ်တာပါ။" လို့ သရုပ်ဆောင် ထားထက်ထက်က ပြောပါတယ်။

Club ဖွင့်ပွဲမှာတော့ သရုပ်ဆောင် ထားထက်ထက် ကိုယ်တိုင်သင်ကြားပေးထားတဲ့ ကလေးငယ်တွေရဲ့ ဂျွမ်ဘားစွမ်းရည်ပြသမှုတွေနဲ့ Trampoline အကတွေလည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

" ထားထက်ထက်ကတော့ ဂျွမ်းဘားသင်ပေးမယ်ပေါ့နော်။ နောက်ပြီး Trampoline အကတွေလည်း သင်ပေးမယ်။ နောက်ပိုင်း ဖြည်းဖြည်းချင်း ထားထက်ထက်လည်း အချိန်နည်းနည်းကြပ်တဲ့အခါကျတော့ တဖြည်းဖြည်းချင်းလာပြီး ဘဲလေးလည်းသင်ပေးဖို့ အစီအစဉ်ရှိတယ်။ တခြားဆရာတွေလည်း အများကြီး ရှိပါတယ်။" လို့ သရုပ်ဆောင်ထားထက်ထက်က ပြောပါတယ်။

ကစားနည်းတွေကို တစ်ကြိမ်ကို ၁ သောင်းကျပ် တိတိကျသင့်မှာဖြစ်ပြီး ၁၀ ရက်စာ members card အနေနဲ့ ဝယ်ထားမယ်ဆိုရင်တော့ ၈ သောင်း ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်၊ မော်ဒယ်ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုရှင်အလှမယ်ဖြစ်တဲ့ အပြင် နိုင်ငံလက်ရွေးစင် ဂျွမ်းဘားမယ်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly