ကုမ္ပဏီဆီအုန်းစီမံကိန်းနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် တောင်သူများက အစိုးရမှ ကြားဝင်ဖြေရှင်းပေးရန် တောင်းဆို

ကုမ္ပဏီဆီအုန်းစီမံကိန်းနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် တောင်သူများက အစိုးရမှ ကြားဝင်ဖြေရှင်းပေးရန် တောင်းဆို

တနင်္သာရီ၊ နိုဝင်ဘာ ၂၄ ။              ။ တနင်္သာရီမြို့နယ်၊ ရွှေကမ္ဘောဇဆီအုန်း စိုက်ခင်း စီမံကိန်းနယ်မြေအတွင်း ဝင်ရောက်ကျူးကျော် နေထိုင်သည်ဟု ဆိုကာ ဒေသခံနှင့် တောင််သူ ၁၂ ဦး တို့ကို တရားစွဲဆို ခံထားရသည့်အပေါ်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့က တာပလပ် ကျေးရွာရှိ သာသနာပါလဘုန်းတော်ကြီးကျောင်းမှာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

ရွှေကမ္ဘောဇ ဆီအုန်း ကုမ္ပဏီမှ တောင်သူ ၁၀ ဦးကို ဥပဒေ ပုဒ်မ ၂၇ ၊၂ဂ ဖြင့် တရားစွဲဆိုထားပြီး၊ ဒေသခံ ၁ ဦးမှာ ဆီအုန်းစိုက်ခင်းအတွင်း လူနေအိမ် ကျူးကျော်ဝင်ရောက်ဆောက်လုပ်မှုဖြင့် ထပ်မံ တရားစွဲဆို ခံထားရသည့်အပြင် အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ အပြန်အလှန် ဟန့်တား ဖြေရှင်း ပေးသူ တာပလပ် ကျေးရွာ ရာအိမ်မှူး ၁ ဦး စုစုပေါင်း ၁၂ ဦးကို တရားစွဲဆိုခံထားရကြောင်း ယင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။

သတင်းစာရှင်းလင်းပွဲကို ဦးဆောင် ပြုလုပ်သူ ထုံခါးကျေးရွာမှ တရားစွဲဆို ခံထားရသော ဦးမောင်မြင့်က“ကျွန်တော်တို့ တောင်သူတွေ လက်ရှိ တရားစွဲဆို ခံနေရတယ်၊ ဒီဘက်မှာ ရွာမြေ မရှိဘူး ဆိုပြီး၊ ကုမ္ပဏီဘက်က အစိုးရအဖွဲ့ကို တင်ပြထားတာတွေ တွေ့ရပါတယ်၊ အမှန်တကယ်က ဒီနေရာမှာ ယခင် ကတည်းက ရွာလည်းရှိသလို လက်ရှိမှာလည်း ရှိနေပါတယ်၊ နောက်ပြီး၊ ဒီမှာ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့  မြေယာတွေ ပျောက်ကုန်တယ်၊ တောင်သူတွေ ရှင်းလင်းထားတဲ့ မြေယာတွေအပေါ်မှာ အတင်း ဆီအုန်းတွေ ဝင်စိုက်နေတာကြောင့် တရားလည်း စွဲဆိုခံထားရလို့ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဖြေရှင်းပေးစေလိုတယ်”ဟု ပြောဆိုသည်။

တနင်္သာရီမြို့နယ်၊ ရွှေကမ္ဘောဇ ကုမ္ပဏီ၏ ဆီအုန်း စိုက်ပျိုးရေး စီမံကိန်း လုပ်ငန်း သည်၊ အစိုးရထံ ခွင့်ပြု ဧရီယာ စုစုပေါင်း ၂၇၆၈၂ ဧကကို လုပ်ပိုင်ခွင့် ရှိထားခြင်း ဖြစ်ပြီး၊ ယင်း ဧကများ အနက် ကုမ္ပဏီမှ စိုက်ပျိုးရေး စီမံကိန်းကို လက်ရှိ ၈၆၇၅.၉၁ ဧကတွင်သာ အကောင်အထည်ဖော် ဆောင်ရွက် ထားပြီး၊ ကျန်အကြောင်း ဒအမျိုးအမျိုးကြောင့် ဆီအုန်းပင်များ စိုက်ပျိုးခြင်း မရှိသေးသော ၁၉၀၀၆.၀၉ ဧကကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာတွင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

“ကုမ္ပဏီနှင့် ဒေသခံ တောင်သူတွေနဲ့ ပြဿနာတွေ ရှိနေတယ် ဆိုတာ မှန်ပါတယ်၊ ဒါကလည်း တောင်သူတွေကလည်း  စိုက်ခင်းတွေနှင့် ကုမ္ပဏီရဲ့ ဧရိယာအထဲမှာ ဝင်ရောက် ကျူးကျော်နေလို့ အခုလိုမျိုး တရားစွဲဆို ခံနေရာတာပါ၊ သူတို့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီကို ဖိတ်ကြားထားတာမျိုး မရှိတာကြောင့် သူတို့ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်တယ် ဆိုတာ မသိလို့ ကျွန်တော်တို့လည်း ဘာမှဆောင်ရွက်ပေးလို့ မရဘူး ဖြစ်နေတယ်”ဟု ရွှေကမ္ဘောဇကုမ္ပဏီ  ဆီအုန်းစီမံကိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိမှာ ကုမ္ပဏီနှင့် မြေယာကိစ္စ ပြဿနာ ဖြစ်နေကြသည့် တောင်သူအများစုမှာ ဂရံနှင့် ပြေစာများ ပိုင်ဆိုင်သည့် အထောက်အထား မရှိဘဲ ဓားမဦးချ လုပ်ကိုင်ကြသူများသာ ဖြစ်သည်။

“ရွာထဲမှာ အိမ်တွေကို ကျူးကျော်တယ် ဆိုပြီး၊ ကုမ္ပဏီမှ သံဆူး ကြိုးတွေနှင့် ၀ါးတွေနဲ့ လာရောက်ပြီး၊ ခြံခတ် ထားတာ ရှိပါတယ်၊ အဲ့ဒါကို အိမ်ထဲမှာ နေတဲ့ ရွာသားတွေ၊ ကလေး ကျောင််းသူ/ သားတွေ ဝင်/ ထွက် ခက်ခဲနေပါတယ်၊ ဒါကို သက်ဆိုင်ရာ လူကြီးတွေက အမြန်ဆုံး လာရောက် ဖြေရှင်းပေး စေလိုတယ်”ဟု ရေဖြူကျေးရွာနေ ဒေါ်အင်သန်းက ပြောဆိုသည်။

ကုမ္ပဏီနှင့် မြေယာကိစ္စ ဖြစ်ပွားနေသည့် ကျေးရွာအုပ်စု ၂ခုမှ ကျေးရွာ ၇ ရွာနေ တောင်သူ ၉၀၀ ဦးခန့် ဓားမ ဦးချ လုပ်ကိုင် နေသော မြေယာ ဧက ၁၀၀၀၀ နီးပါး ရှိကာ လက်ရှိမှာ တောင်သူ ၁၀ ဦးကို တရားစွဲဆို ခံနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly