ကုန်းဘောင်ခေတ် အုတ်ကျောင်းတော်ကြီးကို သမိုင်းဝါသနာရှင်များ လေ့လာ

ကုန်းဘောင်ခေတ် အုတ်ကျောင်းတော်ကြီးကို သမိုင်းဝါသနာရှင်များ လေ့လာ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ နိုဝင်ဘာ ၂၄ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊မြင်းပေါက်ကျေးရွာအုပ်စု၊မြင်းပေါက်ကျေးရွာနှင့်ဝက်ဖိုးကျေးရွာအကြားရှိ ကုန်းဘောင်ခေတ် အုတ်ကျောင်းတော်ကြီးကို သမိုင်းဝါသနာရှင်များ လာရောက်လေ့လာနေကြကြောင်းသိရသည်။

ထိုအုတ်ကျောင်းတော်ကြီးကို နန်းမတော်မယ်နု၏ ဦးရီးတော်ဖြစ်သော နေမျိုးသီဟသူ ဘွဲ့ခံ အကြီးတော်မင်း ဦးတေမှတည်ဆောက်လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ အုတ်ကျောင်းတော်ကြီးမှာ အလျား ၁၁၂ ပေ၊အနံ ၁ဝဝပေ၊အမြင့် ၃၅ပေခန့်ရှိပြီး နှစ်ထပ်ကျောင်းဆောင်ဖြစ်သည်။

အဆောက်အအုံတည်ဆောက်ထားရှိမှုမှာ မြေညီထပ်၊အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် မုဒ်ပေါက် ၇ ပေါက်စီ၊တောင်ဘက်နှင့်မြောက်ဘက်တွင် မုဒ်ပေါက် ၆ ပေါက်စီပါဝင်ပြီး တောင်ဘက်နှင့်မြောက်ဘက်တွင်သာ လှေကားနှစ်စင်းစီပါရှိသည်။ အတွင်းတွင် လှိုဏ်ပတ်လမ်း ၂ ထပ်ပါဝင်ပြီး အဆောက်အအုံ၏ အလယ်တွင် ဇေတဝန်ဆောင်၊ဓမ္မသာလခန်းတို့ဖြင့်ဖွဲ့စည်းထားကာ သစ်သား ထုတ်၊ယောက်၊ယက်မများ အသုံးပြု၍ ဘုံဆင့်ပြဿဒ်ပြုလုပ်၍ အမိုးပြုလုပ်ထားသည်ဟု သမိုင်းမှတ်တမ်းအရ သိရသည်။

ပထမပတ်တွင် စင်္ကြန်ပတ်လမ်း နှစ်ခုပါရှိပြီး အပြင်စင်္ကြန်တွင် အမိုးအကာမပါဘဲ အုတ်ကြမ်းခင်းထားကာ အတွင်းဘက်နေရာတွင် သစ်သားကြမ်းခင်းများ အသုံးပြုထားသည်။

ဗိသုကာလက်ရာအနေဖြင့် တိုးစီပေါင်းကူးနည်း၊မှီပေါင်းကူးနည်းဖြင့် ပြုလုပ်တည်ဆောက်ထားရှိပြီး အမရပူရခေတ်၏ ပန်းရံ၊ပန်းတော့နှင့် အင်္ဂတေပန်းလက်ရာများကို လေ့လာနိုင်မည်ဖြစ်သည်။

ယခုအခါတွင် အုတ်ကျောင်းတော်ကြီးကို ရှေးဟောင်းအမွေအနှစ်အဖြစ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုမိန့် ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပျက်စီးမှုများအား မူလလက်ရာမပျက် ပြုပြင်လျှက်ရှိသည်။

ယခု အုတ်ကျောင်းကြီးသည်  မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မယ်နုအုတ်ကျောင်းနှင့်ပုံစံတူ ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly