နိုင်ငံမှာ အကြီးဆုံးသော ခွေးသတ်ရုံကြီးကို တောင်ကိုရီးယား ပိတ်သိမ်း

နိုင်ငံမှာ အကြီးဆုံးသော ခွေးသတ်ရုံကြီးကို တောင်ကိုရီးယား ပိတ်သိမ်း

နိုဝင်ဘာ ၂၂ ။           ။ တောင်ကိုရီးယားနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ခွေး သားသတ်ရုံကြီးကိုတော့ နိုဝင်ဘာလ ၂၂ ရက်မှာပဲ တာဝန်ရှိသူတွေက စတင်ဖြိုပျက်ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံမှာ ခွေးတွေကို သတ်ဖြတ်စားသောက်နေတဲ့ အလေ့အထ ရပ်ဆိုင်းဖို့ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေဘက်က တောင်းဆိုမှုတွေ ပြုလုပ်နေချိန်မှာ ခုလိုမျိုး အကြီးဆုံးသော ခွေး သတ်ရုံကြီးကို ပိတ်သိမ်းဖို့ လုပ်လာတာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာတော့ တစ်နှစ်လျင် ခွေးအကောင်ရေ တစ်သန်းလောက် သတ်ဖြတ်စားသောက်ခံနေရပြီး ယင်း ခွေးသားဟာ လူ့ခန္ဓာကိုယ်အတွက် အားတိုးစေတယ်လို့ အယူရှိကြတယ်လို့ ဆိုပါတယ်။

သို့ပေမယ့် တောင်ကိုရီးယားတို့ရဲ့ ယင်းခွေးသား စားမှု အလေ့အထအပေါ် နိုင်ငံခြားတိုင်းပြည်တွေကပါ ဝေဖန်ပြစ်တင်မှုတွေ ပိုများလာခဲ့ပြီးနောက် ယခုအခါ ယင်းခွေးသားစားမှု အလေ့အထဟာ ပြန်လည် လျော့ကျသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဏာပိုင်တွေ ယခု ဖြိုချဖျက်သိမ်းလိုက်တဲ့ ဆိုးလ်မြို့တောင်ပိုင်း ဆောင်းနမ်းမြို့က တေးပြောင်ဒေါင် သားသတ်ရုံကြီးမှာတော့ အနည်းဆုံး ခွေးသတ်တဲ့ ရုံ ခြောက်ခု ရှိနေခဲ့ပြီး ယင်းတို့ဟာ တစ်ကြိမ်ကို ခွေးကောင်ရေရာချီ  တစ်ပြိုင်နက်တည်း သတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်း ခွေးသတ်ရုံကြီးကတော့ နိုင်ငံတစ်ဝှမ်းက ခွေးသားရောင်းချတဲ့ စားသောက်ဆိုင်တွေအတွက် အဓိက ရင်းမြစ်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly