ဟေတီမှာ အထွေထွေ သပိတ် ဆင်နွှဲလို့ လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်း

ဟေတီမှာ အထွေထွေ သပိတ် ဆင်နွှဲလို့ လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်း

နိုဝင်ဘာ ၂၂ ။      ။ ဟေတီနိုင်ငံမှာ အထွေထွေ သပိတ်ကြီးတစ်ရပ် ဆင်နွှဲခဲ့လို့ နိုဝင်ဘာ ၂၁ ရက်က လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းသွားပြီး နိုင်ငံမှာ မသေချာမရေရာမှု
အခြေအနေတွေ တိုးမြှင့်ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ကာရစ်ဘီယန် နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လူသေဆုံးစေခဲ့တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် တင်းမာမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိသမ္မတဖြစ်သူကလည်း အကြောင်းပြချက် မပေးဘဲ အများပြည်သူ မြင်ကွင်း ရှေ့မှောက်ကနေ ပျောက်ကွယ်နေလျက် ရှိပါတယ်။

အထွေထွေ သပိတ်ကြောင့် နိုင်ငံရဲ့အဓိက မြို့ကြီးတွေမှာ စာသင်ကျောင်း၊ စျေးဆိုင်တွေ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ အားလုံး ပိတ်သိမ်းရပ်ဆိုင်းထားရပါတယ်။

ယင်းနိုင်ငံရဲ့ ပြည်သူတွေကတော့ ဆင်းရဲနွမ်းပါးမှု ဒဏ်ကိုပါ ခံစားနေကြရပြီး ပြီးခဲ့တဲ့ တစ်နှစ်အကြာကမှ ဖြစ်ထားခဲ့တဲ့ ကာလဝမ်းရောဂါ ကူးစက်မှုနဲ့ အဓိကမြေငလျင်တစ်ခု လှုပ်မှုတို့ကနေ ပြန်လည် နာလန်ထူဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

လူသူ ကင်းမဲ့တဲ့ အဓိက လမ်းမ ဧရိယာတွေမှာ ရဲတွေ ကင်းလှည့်နေပြီးသေနတ်သံတွေကိုလည်း ကြိုကြားကြိုကြား ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကတော့ သမ္မတ ဂျိုဗီနယ် မွိုက်စ် ရာထူးကနေ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြတွေမှာ ပစ်ခတ်မှုတွေဖြစ်လို့ လူသုံးဦး သေဆုံးသွားတယ်လို့ ဟေတီ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly