မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းကို လှုပ်ခတ်စေခဲ့တဲ့ Nissan အကြီးအကဲ ဖမ်းဆီးခံရမှု

မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းကို လှုပ်ခတ်စေခဲ့တဲ့ Nissan အကြီးအကဲ ဖမ်းဆီးခံရမှု

နိုဝင်ဘာ ၂၀ ။       ။ ဂျပန်ကားကုမ္ပဏီတွေဖြစ်ကြတဲ့ Nissan နဲ့ Mitsubishi တို့ရဲ့ ဥက္ကဌဖြစ်သူ Carlos Ghosn ကိုတော့ ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားကျူးလွန်မှုတွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ယခုအခါမှာတော့ ဖမ်းဆီးခံ Carlos Ghosn ကို ဥက္ကဌတာဝန်ကနေ ထုတ်ပယ်ဖို့ အဆိုပါ ကားထုတ်လုပ်သူတွေက ပြင်ဆင်နေပါတယ်။

ဖမ်းဆီးခံရတဲ့ Ghosn ကတော့ နိုင်ငံလေးခုမှာ ၎င်းနေထိုင်ဖို့ နေအိမ်တွေ အတွက် မြောက်မြားစွာသော ငွေကြေးပမာဏတွေ အသုံးပြုထားတယ်ဆိုတဲ့ စွဲချက်တွေအပါအဝင်
အခြားသော ဘဏ္ဍာငွေကြေး အလွဲဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်ပါတယ်။

ခုလိုမျိုး Ghosn တစ်ယောက် ဖမ်းဆီးခံလိုက်ရမှုကတော့ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်းကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့ပြီး Nissan ဆိုရင် ရှယ်ယာတန်ဖိုး
၆ ရာခိုင်နှုန်းကျော်မျှ ကျဆင်းသွားခဲ့ရပါတယ်။

ဒါ့အပြင် ဂျပန်-ပြင်သစ် ပူးပေါင်းမှုရဲ့ နောက်ထပ် မန်ဘာတစ်ခုဖြစ်တဲ့ Mitshubishi Motors Corp ရဲ့ ရှယ်ယာတန်ဖိုးတွေဟာလည်း ၆ ရာခိုင်နှုန်းလောက် ကျသွားသလို Renault ရဲ့ ရှယ်ယာတွေကလည်း နိုဝင်ဘာ ၁၉ ရက်က ၈ ဒသမ ၄ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။

ခုလိုမျိုး ဘရာဇီးနွယ်ဖွား အမှုဆောင်တစ်ဦးရဲ့ ကျရှုံးမှုကြောင့် ၎င်းဦးဆောင်နေခဲ့တဲ့  Nissan ၊ Mitsubishi နဲ့ Renault အုပ်စုရဲ့ အနာဂတ်အတွက် မေးခွန်းတွေလည်း ထွက်ပေါ်စေခဲ့ပြီဖြစ်ပါတယ်။

၎င်းကတော့ Renault-Nissan-Mitsubishi alliance ရဲ့ ဥက္ကဌနဲ့ စီအီးအိုတာဝန်၊ Nissan Motors နဲ့ Mitsubishi Motors တို့ရဲ့ ဥက္ကဌတာဝန်တို့ကို တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

လောလောဆယ်မှာ Nissan နဲ့ Mitsubishi နှစ်ခုစလုံးကတော့ ၎င်းကို ဥက္ကဌတာဝန်ကနေ ဖယ်ရှားဖို့ အဆိုပြုသွားဖို့ ရှိနေသလို Renault ဘုတ်အဖွဲ့ကလည်းပဲ ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly