နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများပွင့်လင်း မြင်သာမှု အားနည်းပြီး ရှင်းလင်းသည့် မူဝါဒမရှိသေးဟု အရပ်ဘက်အဖွဲ့များ ဝေဖန်

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများပွင့်လင်း မြင်သာမှု အားနည်းပြီး ရှင်းလင်းသည့် မူဝါဒမရှိသေးဟု အရပ်ဘက်အဖွဲ့များ ဝေဖန်
ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောင်းစိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခု (ဓာတ်ပုံ - ထက်ခေါင်လင်း)

သယံဇာတထုတ်လုပ်သည့် လုပ်ငန်းများအထူးသဖြင့် ထိုကဏ္ဍမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ရှင်းလင်းသောလုပ်ထုံးလုပ်နည်းမရှိခြင်း၊ ပြည်သူများနှင့် လွှတ်တော်၊ သတင်းမီဒီယာများထံသို့ ထုတ်ပြန်ပေးမှု မရှိခြင်းများကြောင့် ကြီးမားသောပဋိပက္ခအန္တရာယ် ရှိနေသည်ဟု မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာအရပ်ဘက်မဟာမိတ်အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းကပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ကရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အစီရင်ခံစာထုတ်ပြန်ပွဲတွင် ၎င်းက အထက်ပါ အတိုင်းပြောလိုက်ခြင်းဖြစ်သည်။

“သူတို့ (နိုင်ငံပိုင်သယံဇာတူးဖော်ရေးလုပ်ငန်းတွေ) က နည်းဥပဒေ၊ ဥပဒေတွေ ရေးဆွဲပိုင်ခွင့်ရှိတယ်။ ကြီးကြပ်စစ်ဆေးတဲ့အလုပ်လည်းလုပ်ပါတယ်။ စောင့်ကြည်တဲ့လုပ်ငန်းလည်းလုပ်တယ်။ ဥပဒေပြင်ပလုပ်တဲ့ဟာတွေကိုလည်းအရေးယူဆောင်ရွက်တယ်။ လိုင်စင်ချပေးတာလည်းလုပ်တယ်။ ကျောက်မျက်ဂဏ္ဍမှာပိုရှင်းပါတယ်။ အကျိုးတူလုပ်တာမျိုးပါ” “အခွန်တွေကိုကောက်တယ်။ သူ့ဘာသာသူ ပြန်ခွဲတယ်။ အဲ့ဒီတော့ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ရှင်းလင်းတဲ့ လုပ်ထုံးလုပ်နည်းမရှိသေးဘူး။ ဘယ်သူကနေတာဝန်ပေးထားလို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်သလဲဆိုတာ ကျွန်မတို့မသိဘူး”ဟုသူကဆိုသည်။

တချို့သော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် ရှိနေသည့် ဘုတ်အဖွဲ့များကမည်သူတွေဖြစ်သည်၊ မည်သည့်အရာများကိုဦးတည်လုပ်ကိုင်နေသည်ကိုလုပ်ငန်းတစ်ခုချင်းစီအလိုက် စီမံကိန်းများကို ပြည်သူများသိအောင် ထုတ်ပြန်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် မည်သည့်ကဏ္ဍကလုပ်ပိုင်ခွင့်ရှိသည်၊ မည်သည့်ကဏ္ဍကလုပ်ပိုင်ခွင့်မရှိဆိုသည်ကိုလည်းထုတ်ပြန်ရမှာဖြစ်ကြောင်းဒေါ်မိုးမိုးထွန်းကဆက်ပြောသည်။

မြန်မာနိုင်ငံ EITI အစီရင်ခံစာ၏အကြံပြုတိုက်တွန်းချက်များကို ကြည့်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် မှားယွင်းနေသောသယံဇာတစီမံအုပ်ချုပ်မှုကိုတွေ့ရှိရသည်ဟု ၎င်းကဆိုသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှု အမှားများနှင့် နိုင်ငံတော်၏ မူဝါဒနဲ့ ဆီလျော်မှုမရှိခြင်းများအကြောင်းသုတေသနပြုလုပ်ခဲ့သည့် အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသောအဖွဲ့အစည်း Natural Resource Governance Institute (NRGI) အဖွဲ့ကဇူလိုင်လ ၁၀ ရက်နေ့ကအစီရင်ခံစာထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မည်သို့သောအဖွဲ့အစည်းများအား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဟူ၍ သတ်သတ်မှတ်မှတ် ခွဲခြားထားခြင်းမရှိသလိုယေဘုယျအားဖြင့် သီးခြားလွတ်လပ်သောအဖွဲ့အစည်းမဟုတ်ဘဲဝန်ကြီးဌာနများအောက်တွင် ရှိနေသည်ဟု ၎င်းတို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လတ်တလော ပြုလုပ်ခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးသုံးသပ်ရာတွင်လည်းရှင်းလင်းသောမူဝါဒတစ်ခုချမှတ်ရန် ကြီးစားနေခြင်းအစား “ဒီကွေ့ရောက် ဒီတက်လှော်၊ ဟိုကွေ့ရောက် ဟိုတက်လှော်”ပုံစံမျိုးဖြစ်နေကြောင်းပညာရှင်များကသုံးသပ်ထားပုံကိုလည်းထည့်သွင်းဖော်ပြထားသည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုနှင့် ဥပဒေလိုအပ်ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် ၁၉၈၉ ခုနှစ် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေကလည်းတိကျသောတာဝန်၊ တိကျသောစီမံချက်များကိုအကောင်းအထည်ဖော်နိုင်မည့် ဥပဒေမဟုတ်ကြောင်း NRGI အဖွဲ့ မြန်မာနိုင်ငံတွဲဖက်တာဝန်ခံဒေါ်ခင်စောဌေးကပြောသည်။

“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ချုပ်ဌာန၊ လွှတ်တော် စတဲ့နေရာကလူတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့လည်းလိုတယ်။ မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ရရှိရေးလည်းလိုတယ်။ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေလိုမျိုးနောင် ငါးနှစ်မှာဘယ်လိုလုပ်မယ်၊ ဘယ်အထိလုပ်မယ်ဆိုတာမျိုးကို နှစ်စဉ်ထုတ်ပြန်ပေးရမယ်။ ဒါမှလည်းလွှတ်တော်ပိုင်းအနေနဲ့ကဒီလုပ်ငန်းကအရှေ့ရောက်နေလား၊ အနောက်ကိုသွားနေပြီလားဆိုတာသိမှာ။ အခုကအဲဒီလိုမသိရတော့ ဘတ်ဂျက်တောင်းတာမှာပေးသင့်သလား၊ မပေးသင့်ဘူးလားမစဉ်းစားနိုင်ဘူး။ ပြည်သူတွေကလည်းဒီလုပ်ငန်းကဘာတွေလုပ်နေလဲမသိရတော့ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်ဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် စတင်လျှောက်ထားခဲ့ပြီးယင်းနှစ်မှာပင် အဖွဲ့ဝင်လောင်းဖြစ်လာခဲ့သည်။ EITI အစီရင်ခံစာသုံးကြိမ်တင်ပြခဲ့ပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာသည့်အချိန်တွင် တွင်းထွက်သယံဇာတများ ပြည်ပတင်ပို့ရောင်းချ ခြင်းအစားအခွန်ဘဏ္ဍာတိုးမြှင့်ကောက်ခံခြင်းနှင့် အလေအလွင့်နည်းအောင် ကြိုးပမ်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်းစသည့်နည်းလမ်းများကိုပြောင်းလဲအသုံးပြုလာသည့်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တွင်းထွက်သယံဇာတကဏ္ဍမှ နိုင်ငံခြားတင်ပို့ရောင်းချမှုသည် တစ်နိုင်ငံလုံးစုစုပေါင်းတင်ပို့မှု၏ ၄၇ ဒသမ ၆ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တုန်းကရှိခဲ့သည့် ၅၃ ဒသမ ၁ ရာခိုင်နှုန်းမှ ကျဆင်းလာခဲ့ ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly