အခွန်ဘဏ္ဍာငွေရရှိမှု ရေနံနဲ့သဘာဝဓာတ်ငွေ့ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ EITI အဖွဲ့ အစီရင်ခံစာ ဖော်ပြ

အခွန်ဘဏ္ဍာငွေရရှိမှု ရေနံနဲ့သဘာဝဓာတ်ငွေ့ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ EITI အဖွဲ့ အစီရင်ခံစာ ဖော်ပြ

ရန်ကုန် နိုဝင်ဘာ ၁၉ ။           ။ မြန်မာနိုင်ငံ၏ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအနက် ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍ သည် အမြင့်ဆုံးအခွန်ဘဏ္ဍာငွေ ရရှိနေကြောင်း မြန်မာနိုင်ငံ EITI အဖွဲ့ကြီး၏ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် နိုဝင် ဘာလ (၁၉) ရက်၊ နေ့လယ်ပိုင်းက ၂၀၁၄ -၂၀၁၅ နှင့် ၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ လူထုဆွေးနွေးပွဲ (Public Debate)ကို ပြုလုပ်ခဲ့သည်။

MEITI အဖွဲ့ကြီး၏ ဒုတိယအကြိမ်အစီရင်ခံစာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအခွန်အခရရှိငွေသည် ကဏ္ဍ အားလုံး၏ ၈၅ ရာခိုင်နှုန်းရှိခဲ့ပြီး တတိယအကြိမ်အစီရင်ခံစာတွင် ၇၆ ရာခိုင်နှုန်းအထိ ရှိနေကြောင်းဖော်ပြထား သည်။

ထို့အပြင် ကျောက်မျက်နှင့်ကျောက်စိမ်းကဏ္ဍတွင် ဒုတိယအကြိမ်၌ ၁၁ ရာခိုင်နှုန်း၊ တတိယအကြိမ်၌ ၂၁ ရာ ခိုင်နှုန်း၊ သတ္တုကဏ္ဍတွင်  ဒုတိယအကြိမ်၌ ၄ ရာခိုင်နှုန်း၊ တတိယအကြိမ်၌ ၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ဒုတိယနှင့် တတိယအကြိမ်မြန်မာနိုင်ငံ EITI အစီရင်ခံစာများထွက်ရှိနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ မတ်လ အထိ ဦးဆောင်ကော်မတီအစည်းအဝေး( ၅) ကြိမ်၊ လုပ်ငန်းကော်မတီအစည်းမဝေး(၆)ကြိမ်၊ သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ အစည်းအဝေး(၁၃)ကြိမ်အထိ ကျင်းပခဲ့ပြီး အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ တို့က ကဏ္ဍအလိုက် သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့ကာ EITI လုပ်ငန်းစဉ်တွင် ပါဝင်သင့် ပါဝင် ထိုက်သောအချက်အလက်၊ လုပ်ငန်းစဉ်များကို အများဆန္ဒ ဘုံသဘော တူညီချက် (Consensus)ဖြင့် ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုသွားဖို့ EITI အစီရင်ခံစာများထုတ်ပြန်ခြင်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်နေပါတယ်။ MEITI ဟာ ယခုနိုင်ငံတော်အစိုးရရဲ့ Strategic Plan နဲ့လည်း ဆက်နွယ် ပတ်သက်နေပါတယ်။ မြန်မာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုစီမံကိန်းရဲ့မဏ္ဍိုင်(၃) ပန်းတိုင်း ၅)မှာ အနာဂတ် မျိုးဆက် များအတွက် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ရဲ့မဟာဗျူဟာ ၅.၁ မှ ၅.၆ ထိ MEITI နှင့် ဆက်နွယ်နေတာကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က အစီရင်ခံစာမှာပါဝင်တဲ့အခွန်ကောက်ခံမှုစနစ်၊ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်းစစ်ဆေးခြင်းလုပ်ထုံးလုပ်နည်းများနှင့်ဥပဒေများ၊ သယံဇာတဆိုင်ရာစီမံအုပ် ချုပ်မှု၊ အခွန်ဘဏ္ဍာခွဲဝေခြင်း၊ မူဝါဒများ၊ အကြံပြုတိုပ်တွန်းချက်များကို လေ့လာဆန်းစစ်ပြီး ရေရှည် တည်တံ့ ဖွံ့ဖြိုးတဲ့ တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ် အားကောင်းလာစေရန် အကောင်အထည် ဖော်ဖို့ပဲဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း က ပြောသည်။

EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ် များအား စီမံခန့်ခွဲမှု၊အခွန်ကောက်ယူမှုစနစ်၊ မျှတသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်စသည့်တိုးကို တိုးတက်ကောင်း မွန်လာစေနိုင်ပြီး ပြည်သူလူထုအနေဖြင့်လည်း အခွန်ဘဏ္ဍာနှင့် အခြားအချက်အလက်များကို ပွင့်လင်းမြင်သာ စွာ သိရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက ဆိုသည်။

မြန်မာနိုင်ငံ EITI ၏ ပထမအကြိမ် (၂၀၁၃ - ၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်) အစီရင်ခံစာကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဒုတိယအကြိမ် (၂၀၁၄ - ၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်)၊ တတိယအကြိမ် (၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်) အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ မတ်လတို့၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲကဏ္ဍများကို လွှမ်းခြုံသောအခွန်ဘဏ္ဍာနှင့် အခြားအချက်အလက်များပါဝင်ကြောင်း သိရသည်။

၂၀၁၄ -၂၀၁၅ နှင့် ၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ လူထုဆွေးနွေးပွဲ (Public Debate)တွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အပါအဝင် ပြည် တွင်းပြည်ပ အဖွဲ့အစည်းများ လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် EITI အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မေလတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်လာစေရေးအတွက် EITI ဘုတ်အဖွဲ့သို့ လျှာက်လွှာ တင်ခဲ့ ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မက္ကစီကိုနိုင်ငံတွင် ကျင်းပသော EITI ဘုတ်အဖွဲ့၏ ၂၇ ကြိမ် မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အဖွဲ့ဝင်လောင်းလျှောက်ထားမှုကို လက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly