ကျောက်သယ်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိ၊တစ်ဦးသေ

ကျောက်သယ်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိ၊တစ်ဦးသေ

မုံရွာ၊ နိုဝင်ဘာ ၁၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မုံရွာ- ချောင်းဦး ကားလမ်းပေါ်ရှိ မအူပင်ကျေးရွာထိပ်၊ ဆီဆိုင်တန်းရှေ့တွင် နိုဝင်ဘာ ၁၆ ရက်နေ့ ည ၈နာရီအချိန်ခန့်က ဆိုင်ကယ်နှင့်ကား တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာ - ချောင်းဦးကားလမ်းမအတိုင်း တောင်မှမြောက်သို့ သိန်းဝေ ကွေးချောင်းရွာ၊ယင်းမာပင်မြို့နယ်နေသူ မောင်းနှင်ပြီး ဆန်းကျော်ထွန်း (လိပ်စာတူ)နောက်ထိုင်လိုက်ပါသည့် ကန်ဘိုဆိုင်ကယ်သည် စျေးတန်းရှေ့အရောက်တွင် "ဂ"ငယ်ကွေ့ပြန်ကွေ့ရာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်တွင် လဲကျတိမ်းမှောက်နေစဉ် ၄င်းလမ်းအတိုင်း မြောက်မှတောင်သို့ ကျော်ကျော်ခိုင် သာယာအေးရပ်၊ရေနံချောင်းမြို့နေသူ မောင်းနှင်လာသော Nissan Truck ကျောက်သယ်ယာဉ်နှင့် တိုက်မိကာ ဆိုင်ကယ်မှာ ယာဉ်နှင့်အတူ ချိတ်ပါသွားကြောင်း သိရသည်။

ယင်းသို့ ချိတ်ပါသွားမှုကြောင့် ဆိုင်ကယ်နောက်တွင် ထိုင်လိုက်ပါသူ ဆန်းကျော်ထွန်းတွင် ဝဲချိုစောင်းပေါက်ပြဲ၊ဝဲ/ယာခြေဖမိုးပွန်း၊ဝဲယာခြေသလုံးပွန်း၊ယာပုခုံး နာကျင်ဒဏ်ရာများရရှိ၍ ဆိုင်ကယ်မောင်းနှင်သူ သိန်းဝေတွင် ဦးခေါင်းကွဲ၊ ဝဲခြေသလုံးရိုးကျိုး၊ဝဲလက်မောင်းစုတ်ပြဲ ဒဏ်ရာများရရှိကာ မုံရွာပြည်သူ့ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုနှင့် ပက်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကျော်ကျော်ခိုင်နှင့် ဆိုင်ကယ်မောင်း သိန်းဝေ(သေဆုံး)တို့အား မုံရွာမြို့မရဲစခန်းတွင် ယာဉ်(ပ)၉၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly