ကယ်လီဖိုးနီးယားတောမီးကြောင့် ဆန်ဖရန်စစ္စကိုမြို့တွင် လေထုညစ်ညမ်းမှုများဖြစ်ပေါ်

ကယ်လီဖိုးနီးယားတောမီးကြောင့် ဆန်ဖရန်စစ္စကိုမြို့တွင် လေထုညစ်ညမ်းမှုများဖြစ်ပေါ်

နိုဝင်ဘာ ၁၇ ။         ။ ပြီးခဲ့တဲ့တစ်ပတ်က ပြင်းထန်စွာ လောင်ကျွမ်းခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် ဆန်ဖရန်စစ္စကိုမြို့မှာ မီးခိုးငွေ့တွေလွှမ်းခြုံလျက်ရှိပြီး လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကြောင့် ယမန်နေ့က ကျောင်းတွေ၊ ခရီးသွားဧည့်သည် အလည်အပတ်များတဲ့ နေရာတွေအကုန်လုံးကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

“တောမီးရဲ့ အရှိန်နဲ့ ရာသီဥတုလက္ခဏာတွေကြောင့် ဆန်ဖရန်စစ္စကိုရဲ့လေထုအခြေအနေက အနီရောင်ကနေ ခရမ်းရောင်ကိုပြောင်းသွားပါပြီ။ လေထုအရမ်းညစ်ညမ်းနေပါပြီ။”လို့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

ကျန်းမာရေးဦးစီးဌာနက ပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့၊ အပြင်က မသန့်ရှင်းတဲ့လေတွေကို မရှူရှိုက်မိစေဖို့ သတိပေးထားတာဖြစ်ပါတယ်။

ပြည်သူတွေ သွားလာရအဆင်ပြေလွယ်ကူအောင်လည်း ဘတ်စ်ကားတွေကို တစ်နေ့တာ အခမဲ့ စီးခွင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၈ ရက်ကစပြီး တစ်ပတ်ကြာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် မီးဘေးသင့်ရာ မာလီဘူးနဲ့ ပါရာဒိုက်စ်မြို့နေ ဒေသခံ ၆၃၁ ဦးပျောက်ဆုံးလျက်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါတောမီးကြောင့် သေဆုံးသူ ၆၃ ဦးရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ၄၅ ရာခိုင်နှုန်းပဲ ငြိမ်းသတ်နိုင်သေးတဲ့ အဆိုပါတောမီးကို ဆက်လက်ငြိမ်းသတ်လျက်ရှိသလို ပျောက်ဆုံးနေတဲ့ ဒေသခံတွေကိုလည်း ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly