မုံရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦး ဖမ်းမိ

By ဘုန်းနိုင်ဖြိုး
16 November 2018
မုံရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၅ ဦး ဖမ်းမိ

မုံရွာ၊ နိုဝင်ဘာ ၁၆ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံတပ်မြို့၊ ကင်းချောင်းရပ်ကွက်ရှိ နေအိမ်တစ်ခုအား မူးယစ်းဆေဝါး သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ၊သုံးစွဲသူ စုစုပေါင်း (၅)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ အလုံတပ်မြို့၊ ကင်းချောင်းရပ်ကွက်ရှိ ကျော်သူရဆိုသူ၏နေအိမ်အား မူးယစ်သတင်းအရ ပူးပေါင်းအဖွဲ့မှ မူးယစ်ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ ကျော်သူရ၊မိုးကျော်၊ မြင့်သန်း တို့ (၃)ဦးအား တွေ့ရှိပြီး ၄င်းတို့၏ ခန္ဓာကိုယ်အား ရှာဖွေရာ မြင့်သန်းထံမှ 88/1စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၈)ပြား၊ မိုးကျော်ထံမှ ပင်နီဆီလင် ပုလင်းဖြင့်ထည့်ထားသည့် ဘိန်းဖြူအမှုန့် (၀.၄)ဂရမ်ခန့်စီပါ (၅)ပုလင်း၊ ကျော်သူရ၏ နေအိမ်မီးဖိုချောင်နှင့် အိပ်ခန်းအတွင်းမှ အအေးစုပ်ပိုက်များ၊ ဘူးများဖြင့် ထည့်ထား သည့် ဘိန်းဖြူမှုန့်အလေးချိန် (၁၀)ဂရမ်ခန့် သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သူရိယကွမ်းယာရောင်းချသူ သိန်းအောင်အားရှာဖွေရာ 88/1စာတန်းပါ စိတ်ကြွဆေးပြား (၄၂)ပြားနှင့် မူးယစ်ဆေးဝါးရောင်းချရငွေ ၁ သိန်း၊ ကွမ်းယာဆိုင်ဘေး သဲပုံအောက်အတွင်းမှ ရူဘီဆေးလိပ်ဗူးခွံ့အတွင်း ထည့်လျက် ပင်နီဆီလင်ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် (၀.၂)ဂရမ်ခန့်ပါ(၂)ပုလင်းအား ရှာဖွေသိမ်းဆည်းခဲ့သည်။

ဆက်လက်၍ တရားခံသိန်းအောင်အား စစ်ဆေးရာ ၄င်းထံမှ သိမ်းဆည်းရမိသော ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ဇော်နိုင်ဦး (ခ) ဖိုးဇော်ဆိုသူထံမှ ဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည် သိန်းအောင်၏ ဖုန်းဖြင့်အသွင်ယူ၍ မူးယစ်ဆေးဝါးဝယ်ယူလိုကြောင်း ဇော်နိုင်ဦး(ခ) ဖိုးဇော် အား ပြောရာ မုံရွာ - မန်းလေး ဆင်ခံဘုရားရှေ့၌ ချိန်းဆိုသဖြင့် သွားရောက်စောင့်ဆိုင်းစဉ် ဇော်နိုင်ဦး (ခ) ဖိုးဇော်ရောက်ရှိလာပြီး ၄င်းအားရှာဖွေရာ ပုဆိုးခါးပုံအတွင်းမှ 88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၉)ပြား၊ ဆိုင်ကယ်တူးဘောက်အတွင်းမှ 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား (၅၀)နှင့် မူးယစ် ဆေးဝါးရောင်းချရငွေ ၂ သိန်းကျော်အား ရှာဖွေသိမ်းဆည်းခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းချသူ၊ သုံးစွဲသူ တရားခံ (၅)ဦးအား မုံရွာမြို့မရဲစခန်းတွင် မယ(ပ)၁၃/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁၊ မယ(ပ)၁၄/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က)၊မယ(ပ) ၁၅/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁၊ မယ(ပ)၁၆/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁၊ မယ(ပ)၁၇/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)တို့ဖြင့် အမှုရေးဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly