သတင်းထောက်ခါရှိုဂျီ အသတ်ခံရမှုမှာ သံသယရှိသူ ငါးဦးကို သေဒဏ်ပေးရန် ဆော်ဒီ လုပ်ဆောင်နေ

သတင်းထောက်ခါရှိုဂျီ အသတ်ခံရမှုမှာ သံသယရှိသူ ငါးဦးကို သေဒဏ်ပေးရန် ဆော်ဒီ လုပ်ဆောင်နေ

ရီယတ်၊ နိုဝင်ဘာ ၁၅ ။          ။ တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ သတင်းထောက် ခါရှိုဂျီကို သတ်ဖြတ်ပြီး  အပိုင်းပိုင်း ခုတ်ထစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီတာဝန်ရှိသူ ငါးဦး သေဒဏ်နဲ့ ရင်ဆိုင်နေရကြောင်း အစိုးရရှေ့နေတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဆော်ဒီအုပ်ချုပ်ရေး အသိုင်းအဝန်းကို ဝေဖန်တဲ့ အမေရိကန်မှာနေထိုင်သူ ၀ါရှင်တန်ပို့စ် သတင်းထောက် ခါရှိုဂျီကို တူရကီက ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ အဲဒီ လူငါးဦးက ဆေးထိုးသတ်ပြီး အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ခဲ့တာလို့ အစိုးရရှေ့နေရုံး ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။

ဒါဟာဆိုရင် ခါရှိုဂျီ အသတ်ခံရမှုမှာ ဘယ်လိုဘယ်ပုံ သတ်ဖြတ်ခံရတယ်ဆိုတာကို ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ပထမဆုံး ဝန်ခံပြောကြားချက်လည်း ဖြစ်ပါတယ်။

ဒီလို သတ်ဖြတ်ခုတ်ထစ်ပြီးနောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကောင်စစ်ဝန်ရုံးအပြင်ဖက်မှာ ရှိတဲ့ အေဂျင့်တစ်ဦးဆီ လက်လွှဲပေးခဲ့တာလို့ အဆိုပါ ပြောခွင့်ရသူက ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်မှာ ဆော်ဒီသတင်းထောက် ခါရှိုဂျီဟာ သူရဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ လိုအပ်စာရွက်စာတမ်းတွေ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ လာရောက်ယူငင်ချိန်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီ လူသတ်မှု ကျူးလွန်ချိန်မှာ တူရကီထောက်လှမ်းရေးက အသံဖမ်းထားတဲ့ ဖိုင်ကို တူရကီနိုင်ငံဟာ အခြားနိုင်ငံတွေဆီ ဖြန့်ဝေထားပြီးလည်း ဖြစ်ပါတယ်။ ခါရှိုဂျီကို သတ်ဖြတ်မှုမှာ နောက်ကွယ်ကနေ ဆော်ဒီအုပ်ချုပ်ရေးအသိုင်းအဝန်း ပါဝင်ပတ်သက်နေတယ်လို့ ကောက်ချက်ချထားတာတွေလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly