ဒုက္ခသည်များအရေး မြန်မာဘက်မှ ပြန်ခေါ်နိုင်မည်ဟု ယုံကြည်ကြောင်း စင်ကာပူဝန်ကြီးချုပ် ပြောကြား

By မဇ္ဈိမ
15 November 2018
ဒုက္ခသည်များအရေး မြန်မာဘက်မှ ပြန်ခေါ်နိုင်မည်ဟု ယုံကြည်ကြောင်း စင်ကာပူဝန်ကြီးချုပ် ပြောကြား

နိုဝင်ဘာ ၁၅ ။              ။ ဘင်္ဂါလီ ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ပြန်ခေါ်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံ၊ Suntec Expo Convention Centre ၌ ယနေ့ နိုဝင်ဘာလ ၁၅ ရက်က ရခိုင်ကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုမှ မေးမြန်းသည့် မေးခွန်းကို စင်ကာပူဝန်ကြီးချုပ် ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ကတော့ ကျွန်တော်ထင်တာကလေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအစိုးရရဲ့ ရပ်တည်ချက်သဘောထားကို ပြောပြသွားတယ်၊ ကျန်နိုင်ငံတွေကလည်း သူတို့ရဲ့ အမြင်သဘောထားကို ဆွေးနွေးကြတယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာတော့ တိုးတက်မှု တစ်ချို့ ဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရတယ်၊ ခုဆိုရင် မြန်မာအစိုးရအနေနဲ့ နေ့ရပ်စွန့်ခွာသွားကြသူတွေအနက်က ပထမဆုံး အသုတ်အဖြစ် ဒုက္ခသည်တစ်ချို့ကို ပြန်ခေါ်လို့ သူတို့ ပြောဆိုလုပ်ဆောင်နေပါပြီ၊ ဒီ နိုဝင်ဘာလလယ်မှာပဲ စ ခေါ်ဖို့ လုပ်နေပါပြီ၊ ဒီတော့ ဆိုလိုတာက လာမယ့်ရက်အနည်းငယ်အတွင်းမှာပေါ့၊ သူတို့တွေကို ပြန်ခေါ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါ တယ်” ဟု စင်ကာပူဝန်ကြီးချုပ်က ပြောကြားသည်။

“ ဒါပေမယ့် ဒါက လုပ်ငန်းစဉ်ရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ ကျွန်တော်ထင်တာကတော့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စမှာ ကျန်နိုင်ငံတွေဘက်က စိုးရိမ်ပူပန်နေကြတဲ့အခြေအနေတွေကိုလည်း နားလည်လိမ့်မယ်လို့ ထင်ပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီ ကိစ္စမှာ တိုးတက်တဲ့အခြေအနေတွေ ရရှိလာအောင်လို့ ရှုပ်ထွေးနက်နဲတဲ့ အခြေအနေကို ထိထိရောက်ရောက်ကိုင်တွယ်ပြီး မြန်မာအနေနဲ့ ဘယ်လိုမျိုး အကောင်းဆုံး ကြိုးစားလုပ်ပြနိုင်သလဲဆိုတာကို ပြသနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ” ဟု သူက ထည့်သွင်းပြောကြားသွားသည်။

မြန်မာအစိုးရအနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်အတွင်း လူ ၂၀၀၀ ကျော်ကို ပထမအသုတ်အဖြစ် ခေါ်ယူနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။

ပြီးခဲ့တဲ့့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွား ခဲ့ပြီး အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့  လူဦးရေ ၇ သိန်းခန့် ထွက်ပြေးသွားခဲ့သည်ဟု UN အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly