“ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်သွား” အစီအစဉ်များ စတင်ပြုလုပ်နေ

“ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်သွား” အစီအစဉ်များ စတင်ပြုလုပ်နေ

မန္တလေး၊ နိုဝင်ဘာ ၁၅ ။          ။ “ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်သွား” အစီအစဉ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လက်မှတ် ကောက်ယူစုဆောင်းခြင်း ကမ်ပိန်းနှင့် ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေးအတွက် အမှိုက်ကောက်ခြင်းကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ဂေါဝိန်ဆိပ်ကမ်းနှင့် ၃၅ လမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြသည်။

“ ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်သွား” အစီအစဉ် တွင် ပါဝင်ကြသည့်အဖွဲ့များမှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်း၊ သုံးရောင်ခြယ် ပြည်သူ့အကျိုးပြုလှုပ်ရှားမှုကွန်ယက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင်များ၊ မရမာကြီး တိုင်းရင်းသားလူမှုဘဝဖွ့ံဖြိုးတိုးတက်ရေး အသင်းနှင့် ဂီတအနုပညာရှင်များ ပါဝင်ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့များသည် နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ၃၈×၃၉လမ်းကြား၊ ၆၂လမ်းရှိ မနော်ရမ္မံကွင်း၌ ကျင်းပမည့် ငြိမ်းချမ်းရေးတွဲလက်များ ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှု ဖျော်ဖြေပွဲ ကျင်းပခြင်း၊ ငြိမ်းချမ်းရေးလက်မှတ် ကောက်ယူစုဆောင်းခြင်းများ ကိုပါ ပြုလုပ်မည်ဖြစ်သည်။

“ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်သွား" အစီအစဉ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂေါဝိန်ဆိပ်ကမ်းမှ တဆင့် စတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကာ ၂၆ ရက်ကြာခရီးစဉ် ဖြစ်သည်။

ယင်းခရီးစဉ်တစ်လျောက် စစ်ကိုင်း၊ မြင်းမူ၊ ဆီမီးခုံ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ စလေ၊ ရေနံချောင်း၊ မကွေး၊ နတ်မောက်၊ မလွန်၊ မိချောင်းရဲ၊ အောင်လံ၊ ကမ္မ၊ ပြည်၊ ထုံးဘို၊ မြန်အောင်၊ ရွှေကျင်၊ ပျဉ်းကတိုးကျွန်း၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ မအူပင်၊ တွံတေးနှင့် ရန်ကုန်မြို့များ၌ ဆိုက်ကပ်ရပ်နားမည်ဖြစ်ပြီး သင်္ဘောဆိပ်ကပ်ရာမြို့များ၌ ညစဉ် အမြင်အာရုံမသန်စွမ်းသူများအဖွဲ့မှ ငြိမ်းချမ်းရေးတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required