နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံကြီးတွင် ဆီးချိုရောဂါ ပညာပေးကုသဌာန ဖွင့်လှစ်ပြီ

နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံကြီးတွင် ဆီးချိုရောဂါ ပညာပေးကုသဌာန ဖွင့်လှစ်ပြီ
ဓာတ်ပုံ - MOI Webportal Myanmar

နေပြည်တော်။ နိုဝင်ဘာ၁၄ ။           ။ နေပြည်တော်ရှိ ကုတင်တစ်ထောင် ပြည်သူ့ဆေးရုံကြီးတွင် ဆီးချိုရောဂါဝေဒနာရှင်များအတွက် ပညာပေး ကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန(၂)ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

အဆိုပါဆေးရုံရှိ ပြင်ပလူနာဌာန(၁)တွင် လာရောက်ပြသသည့်လူနာများထဲရှိ ၂ဝရာခိုင်နှုန်းသည် ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ပြီး အင်္ဂါနှင့် ကြာသပတေးနေ့တိုင်း သမားတော်ကြီးများနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု များပေးနေသည်ဟု သိရသည်။

“ဆီးချိုရောဂါသည်တွေများပြားလာတာနဲ့ အမျှ ဆီးချိုနဲ့ ပတ်သတ်တဲ့ပညာပေးဖို့တွေ လိုအပ်လာတယ်။ တစ်ခါ ဆီးချိုနဲ့ ပတ်သတ်တဲ့ ထိရောက်တဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လိုလာတယ်”ဟု အဆိုပါ ဌာနဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာပပကပြောသည်။

တစ်ကမ္ဘာလုံးတွင် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းသည် မြင့်တက်နေပြီး မြန်မာနိုင်ငံတွင်းလည်း အဆိုပါရောဂါ ဖြစ်ပွားမှုဒဏ်ကို ခံစားနေကြရကာ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မျက်စိများ ပျက်စီးခြင်း၊ ခြေထောက်များ ဖြတ်ရသည်အထိ ဖြစ်ခြင်းများ ဖြစ်နိုင်သည့်အတွက် စောစီးစွာ ကုသမှုကိုခံယူသင့်ကြောင်း ၄င်းက  ပြောသည်။

 “ဆီးချိုနဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးနဲ့အညီ ညီညွတ်စွာနေထိုင်ဖို့ ရောဂါ သိရှိဖို့အတွက် စောစီးစွာ ရောဂါရှာဖွေဖို့ တစ်ခါ ရောဂါ သိလာပြီဆိုရင်လည်း ဒါတွေကို ရှောင်ရှားဖို့အတွက် ဆေးဝါးမှန်မှန်သောက်သုံးဖို့ ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်ကြဖို့ အချိုတွေ လျော့စားကြဖို့၊ အဆီလွန်ကဲတဲ့ အစားအစာတွေ မစားမိကြဖို့ အသီးအနှံတွေ ပိုစားဖို့”လိုကြောင်း ဒေါက်တာပပက ပြောသည်။

တကမ္ဘာလုံးရှိ လူဦးရေ၏ ၄၁ သန်းခန့်သည် အဆိုပါရောဂါကြောင့် သေဆုံးလျက်ရှိပြီး မြန်မာနိုင်ငံ၊ ဆီးချို ရောဂါပညာရှင်များအသင်း၏ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာလူဦးရေ၏ ၁၁ ရာခိုင်နှုန်းနီးပါးသည် အဆိုပါရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိဖွင့်လှစ်ခဲ့သည့် ဆီးချိုရောဂါပညာပေးကုသဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ မျက်စိစစ်ဆေးမှု၊ အာရုံကြောစစ်ဆေးမှုများနှင့် သွေးစစ်ဆေးမှုများကို အထူးကုဆရာဝန်ကြီး များ နှင့် စစ်ဆေးစမ်းသပ်မှုများကိုပြုလုပ်ပေးသွားမည်ဖြစ်သည်။

“အထူးကုဆရာဝန်ကြီးတွေကတော့ ရှေ့မှာ စမ်းသပ်ထားတဲ့လူတွေကို ကျွန်တေ်ာတို့က ဆီးချိုရောဂါ ကုသမှုနဲ့ ပညာပေး တာတွေ ဆက်ပြီးတော့လုပ်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ဆီးချို ကောင်းမကောင်းကို လွန်ခဲ့တဲ့ လေးလ အတွင်းမှာ ဆီးချိုကောင်းမကောင်းပြနိုင်တဲ့ ဟေမိုဂလိုဘင် အေဝမ်းစီ ဆိုတဲ့ သွေးစစ်ဆေးမှုကိုလည်း ကျွန်တော်တို့က ဒီဆေးရုံကနေပြီး တော့ စက်ကရိယာတွေနဲ့ စမ်းသပ်”သွားမည်ဖြစ်သည်ဟု တွဲဖက်ပါမောက္ခဒေါက်တာကျော်ကျော်ဦးက ပြောသည်။

နေပြည်တော်ရှိ ကုတင်တစ်ထောင် အထွေထွေ ရောဂါကုဆေးရုံကြီးကို ရန်ကုန်နှင့် မန္တလေးရှိ ဆေးရုံကြီးများ ထက် အဆင့်ကျော်လွန်အောင် မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ယခုဖွင့်လှစ်ခြင်းသည် ယင်းမြှင့်တင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly