ဘူးသီးတောင်ဆေးရုံဝန်ဆောင်မှုကို ဒေသခံတချို့ ဝေဖန်

By ထက်ခေါင်လင်း/ Myanmar Now
14 November 2018
ဘူးသီးတောင်ဆေးရုံဝန်ဆောင်မှုကို ဒေသခံတချို့ ဝေဖန်

ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသားဖွားမီးယပ်ဆရာဝန် ကုသမှု၊ ပြောဆိုဆက်ဆံမှု ညံ့ဖျင်းသည်ဟုစွပ်စွဲခံနေရသည်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် သားဖွားမီးယပ်ဆိုင်ရာဝန်ဆောင်မှု အားနည်းချက်အများအပြားရှိနေသဖြင့် ကျန်းမာရေးဌာနသို့ အကြောင်းကြားထားသည်ဟု မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောသည်။

သားဖွားမီးယပ် ဆရာဝန်သည်ဂရုတစိုက်  ကုသပေးမှု မရှိသည့်အပြင် မောက်မာစွာပြောဆိုဆက်ဆံသည်ဟုလူနာနှင့် လူနာရှင် ၇ ဦးခန့်ကစွပ်စွဲထားကြောင်းရခိုင်အမျိုးသားပါတီကိုယ်စားပြု လွှတ်တော်အမတ်ထံမှ သိရသည်။

“ဂရုတစိုက်မကုသလို့ ကလေးသေသွားတာမျိုးဖြစ်တယ်။ နောက် မွေးမိခင်တစ်ဦးလည်းသေသွားခဲ့တာမျိုး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ ဒီဆရာဝန်ကိုပြောင်းရွှေ့စေချင်တာပါပဲ။ အလုပ်ကနေ ပြုတ်အောင်လုပ်ချင်တာမဟုတ်ပါဘူး။ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကြားမှာအဆင်ပြေချင်တဲ့သဘောပါ။ ဒါမျိုးနောင်မဖြစ်စေချင်တဲ့သဘောပါ” ဟုသူကဆိုသည်။

စွပ်စွဲခံရသူကိုလည်းသတိပေးထားပြီး ဖြစ်ကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်းဝန်ထမ်းအင်အားလုံလောက်ခြင်းမရှိကြောင်းသူကဆက်ပြောသည်။

တိုင်ကြားမှုများကိုအထက်သို့ တင်ပြထားသည်ဟုမြို့နယ် ဆရာဝန်ကြီးဒေါက်တာသန်းထွန်းကျော်ကပြောသည်။

“ဒီမြို့နယ်အဆင့်နဲ့ စစ်ဆေးလို့မရပါဘူး။ ကျွန်တော်တို့ကတော့ အပေါ်အဆင့်ဆင့်ကိုတင်ပြရတာပေါ့။ စုံစမ်းစစ်ဆေးရေးတွေလည်းမလုပ်ရသေးပါဘူး။ အဲ့ဒီအတွက် ဘာမှထူးထူးခြားခြားဆောင်ရွက်ထားတာမရှိသေးပါဘူး” ဟုမြို့နယ် ဆရာဝန်ကြီးကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly