အင်ဒိုနီးရှားက စိုက်ခင်းတစ်ခုထဲမှာ အလွန်ကြီးမားတဲ့ လူသေကောင်ပန်းပွင့်ကြီး တစ်ပွင့်ကို တွေ့ရှိ

အင်ဒိုနီးရှားက စိုက်ခင်းတစ်ခုထဲမှာ အလွန်ကြီးမားတဲ့ လူသေကောင်ပန်းပွင့်ကြီး တစ်ပွင့်ကို တွေ့ရှိ

နိုဝင်ဘာ ၁၄ ။           ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က တောင်သူတစ်ဦးရဲ့ စိုက်ပျိုးရေးခြံတစ်ခြံထဲမှာ အလွန်တရာ ကြီးမားတဲ့ လူသေကောင်ပန်းပွင့် Corpse Flower ကြီးတစ်ပွင့် ပွင့်နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြည်တွင်း ဆီအုန်းစိုက် တောင်သူတစ်ဦးဖြစ်တဲ့ ရိုစီဟန် အန်ဝါ ဟာဆီဘွမ် တစ်ယောက် သူ့ စိုက်ခင်းထဲ ရောက်ရှိသွားချိန်မှာ အဆိုပါ ကြီးမားတဲ့ လူသေကောင်ပန်းပွင့်ကြီး ပွင့်နေတာကို ကနဦး တွေ့ခဲ့တာဖြစ်ပြီး စတွေ့တွေ့ချင်းတုန်းကဆိုရင် ရုတ်တရက် အံ့အားသင့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ယင်းအချိန်တုန်းက သူ့စိုက်ခင်းထဲက အပင်တွေကို လိုက်ပြီးစစ်ဆေးကြည့်ရှုခဲ့ရာမှာ အဆိုပါ ထူးဆန်းတဲ့ ပန်းပွင့်ကြီးကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ရိုစီဟန်က ပြောပါတယ်။

" ကျွန်တော် မြင်ခဲ့ရတာက တကယ့်ကို ထူးဆန်းတဲ့ အရာတစ်ခုပါ၊ စတွေ့တုန်းက သရဲခြောက်နေတာများလားလို့တောင် ထင်ခဲ့မိပါသေးတယ်" ဆိုပြီး ၎င်းက ပြောပြသွားပါတယ်။

ကမ္ဘာ့အကြီးဆုံး ပန်းမျိုးစိတ်တွေထဲမှာ ပါဝင်ပြီး Amorphophallus titanum လို့ခေါ်တဲ့ အဆိုပါ လူသေကောင်ပန်းပွင့် Corpse Flower ဆိုတာကတော့ ပုံမှန်အားဖြင့် မြင်တွေ့ရခဲလှပြီး ယင်းဟာ တစ်ခါပွင့်ဖို့အတွက် အချိန် ဆယ်နှစ်လောက် ကြာနိုင်သလို ပွင့်လာရင်လည်း ရက်အနည်းငယ်သာ ခံတတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းပန်းပွင့်ချိန်မှာ အသားငါး အပုတ်အနံ့မျိုး ထုတ်လွှတ်တတ်တယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly