လေပြင်းတိုက်ခတ်မှုကြောင့်် ကယ်လီဖိုးနီးယား တောမီး ပိုမိုဆိုးဝါးကာ သေဆုံးသူ ၄၂ ဦးအထိ ရှိလာ

လေပြင်းတိုက်ခတ်မှုကြောင့်် ကယ်လီဖိုးနီးယား တောမီး ပိုမိုဆိုးဝါးကာ သေဆုံးသူ ၄၂ ဦးအထိ ရှိလာ

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ  ၁၃ ။          ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက စတင်လောင်ကျွမ်းနေတဲ့ တောမီးအတွင်း ရုပ်အလောင်း ၁၃ လောင်းကို နိုဝင်ဘာ ၁၂ ရက်မှာ ထပ်မံတွေ့ရှိတာကြောင့် သေဆုံးသူဦးရေဟာ ၄၂ ဦးအထိ ရောက်ရှိသွားပြီး ပြည်နယ်သမိုင်းမှာ သေဆုံးမှုအများဆုံး တောမီးလောင်ကျွမ်းမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြို့နေဦးရေ ၂၆၀၀၀ ရှိပြီး မြို့လုံးကျွတ် တောမီးလောင်ကျွမ်းခဲ့ရတဲ့ ပါရာဒိုက်စ်မြို့မှာ ရုပ်အလောင်း ဆယ်လောင်းကို တွေ့ရှိကြောင်း ဘတ်တီကောင်တီစီရင်စုရုံးအရာရှိ ကိုရီဟွန်နီယာက မီဒီယာသို့ ထုတ်ပြန်ပါတယ်။ ကျန်ရှိ သုံးလောင်းကတော့ ကွန်ကောင်းမြို့ငယ်မှာ  တွေ့ရှိတာဖြစ်ပါတယ်။

ဒီလို သေဆုံးသူ မြင့်တက်လာခဲ့တာကြောင့် ကယ်လီဖိုးနီးယားတောမီးဟာ ပြည်နယ််သမိုင်းမှာ စံချိန်တင်ထားတဲ့ ၁၉၃၃ ခုနှစ်က လော့စ်အိန်ဂျလိစ်တောမီးက သေဆုံးသူ ၂၉ ဦး ရှိခဲ့တာထက် ကျော်လွန်ပြီး အသေအဆုံးအများဆုံး ဖြစ်ခဲ့ပါတယ်။

ဒီအပြင်လည်း ပျောက်ဆုံးနေသူ ၂၀၀ ကျော်ထက်မနည်း ရှိနေပြီး လာမယ့်ရက်တွေမှာ သေဆုံးသူ ထပ်တိုးလာမှာကို စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

ခုတောမီးမှာ လူနေအိမ်အများစုဖြစ်တဲ့ အဆောက်အအုံပေါင်း ၇၀၀၀ ကျော်ထက်မနည်း ပျက်စီးဆုံးရှုံးပြီး နယ်မြေဟတ်တာ ၄၅၇၀၀ ကျော် တောမီးလောင်ကျွမ်းကြောင်း သိရပါတယ်။ လေပြင်းတိုက်ခတ်တာကြောင့် တောမီး ပြန့်နှံ့့မှု ပိုမိုဆိုးဝါးနေပြီး မီးသတ်သမားတွေအနေနဲ့ တောမီးရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်ထားနိုင်သေးပါတယ်။

အခု တောမီးကို သဘာဝဘေးကြီးတစ်ခုအဖြစ် ကြေညာပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ အတည််ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအတွက် အိမ်ရာမြေ၊ အလုပ်လက်မဲ့၊ တရားဝင်ကုန်ကျစရိတ်နဲ့ စိတ်ကျန်းမာရေး ကုသမှုစတဲ့ ကူညီထောက်ပံ့မှုတွေကို ရရှိခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly