နိုဝင်ဘာ ၁၂ ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့စဉ်အတွင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ယခု ဖြစ်စဉ်အတွင်း ပါလက်စတိုင်း ခြောက်ယောက်နဲ့ အစ္စရေးစစ်သားတစ်ဦး တို့ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်းအပြင် ယခု ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မကြာသေးမီက ရရှိတဲ့ သဘောတူညီချက်တစ်ခုနဲ့အတူ အခြေအနေတွေ တည်ငြိမ်သွားနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီး တင်းမာမှုတွေ ပြန်မြင့်တက်လာခဲ့တာကြောင့် ပြင်သစ်မှာ ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ခရီးစဉ်ကို ချုံ့ပြီး နိုင်ငံဆီ ပြန်လာဖို့ ရှိနေကြောင်းလည်း ၎င်းရဲ့ ရုံးက ထုတ်ပြန်ပါတယ်။
ယခု တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒါဟာ အစ္စရေးတို့ဘက်က သူရဲဘောကြောင်စွ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဟားမက်အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဖောဇီ ဘာဟုမ်က ပြောသွားပါတယ်။
ဒါ့အပြင် ယခုတိုက်ခိုက်မှုမှာ အစ္စရေးတို့ဘက်က လေကြောင်းပစ်ကူမှုတွေပါ သုံးခဲ့ကြောင်း ပါလက်စတိုင်းတို့ဘက်က စွပ်စွဲသွားပါတယ်။