အလေးချိန် ၈၅၀ ဂရမ်ရှိ ရှားပါး အဖြူရောင် မြေအောင်းမှိုတစ်ပွင့်ကို ဒေါ်လာ ၉၆,၀၀၀ နဲ့ လေလံတင်ရောင်းချ

အလေးချိန် ၈၅၀ ဂရမ်ရှိ ရှားပါး အဖြူရောင် မြေအောင်းမှိုတစ်ပွင့်ကို ဒေါ်လာ ၉၆,၀၀၀ နဲ့ လေလံတင်ရောင်းချ

နိုဝင်ဘာ ၁၂ ။          ။ အီတလီနိုင်ငံ အယ်လ်ဘာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က  ပြုလုပ်တဲ့ လေလံပွဲတစ်ခုမှာတော့ မကြုံစဖူး အရွယ်အစား ကြီးမားလှတဲ့ ရှားပါး အဖြူရောင် မြေအောင်းမှိုပွင့်ကြီး တစ်ပွင့်ကို ကန်ဒေါ်လာ ၉၆,၀၀၀ (ယူရို ၈၅,၀၀၀) နဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

အမည်မဖော်ပြတဲ့ ဟောင်ကောင်နိုင်ငံသား ဝယ်သူတစ်ဦးက အဆိုပါ မှိုပွင့်ကြီးကို ယခုနှစ် ကာလပေါက်စျေးထက် အဆပေါင်း ၃၀ နီးပါး ပိုပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။

တစ်နှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ အဆိုပါ လေလံပွဲကိုတော့ တူရင်မြို့အနီး ဒေသမှာ ကျင်းပခဲ့တာဖြစ်ပြီး  ယခုနှစ်မှာ ထူးထူးကဲကဲ အရွယ်အစား ကြီးမားလှတဲ့ ယင်း မှိုပွင့်ဖြူကြီးကို တစ်ဂရမ်ကို ယူရို ၁၀၀ ထိ ပေါက်တဲ့ စျေးနှုန်းတစ်ရပ်နဲ့ ရောင်းချခဲ့ရတာဖြစ်ပါတယ်။

" ဒီ မှိုပွင့်ကြီးကို လေလံတင်တဲ့နေရာမှာ ဒါကို အများကောင်းကျိုး လှူဖို့ တန်းဖို့အတွက် ရည်ရွယ်ပြီး ခုလို စျေးအများကြီးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်၊ နောက်ပြီး ဒီ ၈၅၀ ဂရမ်အထိ ရှိတဲ့ မြေအောင်းမှိုမျိုးက တကယ်လည်း ရှားပါးလှပါတယ်၊ ဒီ မြေအောင်းမှိုတွေက အရွယ်အစား ပိုကြီးလေလေ ပို စျေးရလေလေပါ" ဆိုပြီး လေလံပွဲ ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အယ်လ်ဘာဒေသမှာတော့ ယင်းလိုမျိုး အဖြူရောင် မြေအောင်းမှိုတွေကို နှစ်စဉ် စက်တင်ဘာ ၂၁ ရက်နဲ့ ဇန်နဝါရီ ၃၁ ရက်အကြား မှာ ရှာတူးကြတာ များတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly