တရုတ်နဲ့ စစ်အေးတိုက်ပွဲ ဖန်တီးနေတာ မဟုတ်လို့ အမေရိကန် ငြင်းဆန်

တရုတ်နဲ့ စစ်အေးတိုက်ပွဲ ဖန်တီးနေတာ မဟုတ်လို့ အမေရိကန် ငြင်းဆန်

ဝါရှင်တန်၊ နိုဝင်ဘာ ၈ ။            ။ အမေရိကန်နိုင်ငံဟာ တရုတ်ကို ထိန်းချုပ်ဟန့်တားဖို့ ကြိုးစားနေတာ မဟုတ်ပေမယ့် လူ့အခွင့်အရေးကို လေးစားဖို့နဲ့ စစ်ရေးချဲ့ထွင်မှုများနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မှန်မှန်ကန်ကန် ချည်းကပ်ဖို့တော့ တရုတ်ကို ဖျောင်းဖျနားချမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက သောကြာနေ့က ပြောလိုက်ပါတယ်။

“အမေရိကန်ဟာ တရုတ်နဲ့ စစ်အေးတိုက်နေတာ မဟုတ်သလို ထိန်းချုပ်ဟန့်တားတဲ့ ပေါ်လစီကိုလည်း တရုတ်အပေါ် ကျင့်သုံးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကြွယ်ဝမှုတွေကို အကူအအထောက်ပြုဖို့ တာဝန်ခံပြီး မျှတတဲ့ လုပ်ဆောင်မှုမျိုး တရုတ်နိုင်ငံ ကျင့်သုံးလာဖို့ပဲ လိုလားတာဖြစ်ပါတယ်။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပွမ်ပီယိုက ပြောလိုက်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲဟာ ပွမ်ပီယိုရယ်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ရယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ယန်ကျန်ချီနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းတို့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံတမန်ရေးကိစ္စရပ်တွေအပေါ် ဒုတိယအကြိမ်မြောက် ဆွေးနွေးကြပြီးနောက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

ဒီစည်းဝေးတွေ့ဆုံမှုတွေကို တာဝန်ခံမှုနဲ့ လေးစားမှုတွေကို အခြေခံပြီး ကျင်းပတာဖြစ်ကြောင်း ပွမ်ပီယိုက ပြောပါတယ်။ ကုန်သွယ်ရေးလို နယ်ပယ်တွေမှာ နှစ်နိုင်ငံကြား ကွဲပြားခြားနားမှုတွေကို ရင်ဆိုင်နေရကြောင်း တရုတ်ဖက်ကလည်း ဝန်ခံပြောဆိုပါတယ်။

အမေရိကန်၊ တရုတ် နှစ်နိုင်ငံဟာ သွင်းကုန်စည်းကြပ်ခွန်တွေ ဒေါ်လာဘီလီယံချီ အပြန်အလှန် ချမှတ်ပြဌာန်းကြပြီး ကုန်သွယ်ရေးစစ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီမတူကွဲပြားမှုတွေကို ဆွေးနွေးပွဲတွေကနေ ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ယန်ကျန်ချီက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ် ကိုယ်စားလှယ်တွေဟာ တရုတ်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယားမှာ နျူကလီးယားကင်းစင်ရေးအပေါ် အတူတကွ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းကို သဘောတူခဲ့ကြပေမယ့် ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာတော့ သဘောထား တိုက်ဆိုင်မှု မရခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly