ကယ်လီဖိုးနီးယားတောမီးကြောင့် မာလီဘူးမြို့နေ ဟောလိဝုဒ်သရုပ်ဆောင်တွေပါ ညတွင်းချင်း ဘေးလွှတ်ရာ ရွှေ့ပြောင်း

ကယ်လီဖိုးနီးယားတောမီးကြောင့် မာလီဘူးမြို့နေ ဟောလိဝုဒ်သရုပ်ဆောင်တွေပါ ညတွင်းချင်း ဘေးလွှတ်ရာ ရွှေ့ပြောင်း

နိုဝင်ဘာ ၁၀ ။          ။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိတဲ့ တောမီးဟာ ပြီးခဲ့တဲ့ သောကြာနေ့ညမှာပဲ မာလီဘူးမြို့နဲ့ ကာလာဘာဆက်စ်မြို့တွေကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မာလီဘူးမြို့နဲ့ ကာလာဘာဆက်စ်မြို့ဟာ ဟောလိဝုဒ် နာမည်ကြီးအနုပညာရှင်တွေ နေထိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။

အနုပညာရှင်တွေဖြစ်တဲ့ လေဒီဂါဂါ၊ ကင်ကာဒါရှိန်းနဲ့ ဂီလာမို ဒယ်လ် တိုရိုတို့ကိုလည်း အာဏာပိုင်တွေက ဘေးလွှတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့အိမ်နားကို မီးလောင်သွားတယ်။ အခုတော့ မီးငြိမ်းသွားပါပြီ။ ဘာမှထပ်မဖြစ်တော့ဘူးထင်တာပဲ။ လေတော့ ထပ်မတိုက်တော့ဘူး။ အားလုံးဘေးကင်းဖို့ ဆုတောင်းပါတယ်။”လို့ ကင်ကာဒါရှိန်းက ၎င်းရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မာလီဘူးမှာနေထိုင်တဲ့ အဆိုတော် လေဒီဂါဂါကလည်း နေအိမ်စွန့်ခွာနေတဲ့ ၎င်းရဲ့ပုံကို Instagram မှာတင်ခဲ့ပါတယ်။ မက္ကဆီကန် ဒါရိုက်တာ ဂီလာမို ဒယ်လ် တိုရိုကလည်း “ကျွန်တော်ဘာမှမဖြစ်ဘူး။ တော်သေးတာပေါ့။ ဒါပေမယ့် ကျွန်တော်စုဆောင်းထားတဲ့ အနုပညာလက်ရာတွေ အကုန်ပါသွားမှာစိုးတယ်။”လို့ ၎င်းရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် ချာလီရှင်းကလည်း ၎င်းရဲ့အမေ ဂျဲနက်နဲ့ အဖေဖြစ်သူ မင်းသား မာတင်ရှင်းကို ရှာဖွေပေးကြဖို့ Twitter မှာ အကူအညီတောင်းခဲ့ပါတယ်။

အခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ ရိုမာဒေါင်နီ၊ အလီဆာမီလာနို၊ ရိန်းန်ဝီလ်ဆန်၊ အက်တီ မက်ကလင်တော့ခ်နဲ့ အဆိုတော် မလီဆာ အီတရစ်တို့လည်း ၎င်းတို့ရဲ့ နေအိမ်တွေကနေ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရပါတယ်။

ပြင်းထန်စွာလောင်ကျွမ်းလျက်ရှိနေတဲ့ ကယ်လီဖိုးနီးယားတောမီးကြောင့် မြေဧက ၁၄၀၀၀ ဟက်တာ (၃၄၆၀၀ ဧက) ပျက်စီးဆုံးရှုံးခဲ့ရပြီး ဗန်ကျူရာနဲ့ လော့စ်အိန်ဂျလိစ်မှာနေထိုင်တဲ့ ဒေသခံ ၇၅၀၀၀ ကို ဘေးလွှတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့ မနက်ပိုင်းက စတင်လောင်ကျွမ်းနေခဲ့တဲ့ အဆိုပါတောမီးကြောင့် သေဆုံးသူ ၉ ဦးရှိခဲ့ပြီး ၃၅ ဦးပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly