အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၅ ) နိဂုံးပိုင်း

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် - အပိုင်း ( ၂၅ ) နိဂုံးပိုင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးငွေလွှဲပြောင်းမှု အစီအစဉ်များ

ဖက်ဒရယ်နိုင်ငံအပါအဝင် နိုင်ငံတိုင်းလိုလိုတွင် အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာများကို မည်မျှပင် စနစ်တကျ ခွဲဝေထားသည်ဖြစ်စေ ဘဏ္ဍာရေးမညီမျှမှုများကို ပြည်ထောင်စုနှင့် ပြည်နယ်များအကြား သို့မဟုတ် /နှင့် ပြည်နယ် အချင်းချင်းအကြားတွင် အနည်းနှင့်အများ ရှိနေသည်။ ထိုဘဏ္ဍာရေးမညီမျှမှုများကို ကုစားရန် ဘဏ္ဍာငွေ လွှဲပြောင်းမှု အစီအစဉ်များကို နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံထဲတွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရ၏ ပြဋ္ဌာန်းဥပဒေများတွင်လည်းကောင်း၊ ပြည်နယ်များ၏ ပြဋ္ဌာန်းဥပဒေများတွင်လည်းကောင်းပြဋ္ဌာန်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား (သို့မဟုတ်) ပြည်နယ်အချင်းချင်းအကြားနားလည်မှု ဖြင့် ဘဏ္ဍာငွေ လွှဲပြောင်းမှုဆိုင်ရာ သဘောတူညီမှုများ ရယူထားခြင်းဖြင့်လည်း အကောင်ထည်ဖော်ဆောင်ရွက် သွားနိုင်သည်။ ဖက်ဒရယ်နိုင်ငံအများစုတွင် ဖွဲ့စည်းပုံများမှတစ်ဆင့် သို့မဟုတ်ညှိနှိုင်းသဘောတူညီမှုများမှ တစ်ဆင့် ဘဏ္ဍာငွေ လွှဲပြောင်းမှုအစီအစဉ် (အထူးသဖြင့် ဘဏ္ဍာရေး သာတူညီမျှရေးအစီအစဉ်) များကို ချမှတ် ထားကြပြီး အချို့သော နိုင်ငံများတွင်မူ စနစ်တကျချမှတ်ထားသော အစီအစဉ်များမရှိဘဲ သွယ်ဝိုက်သောအား ဖြင့် ပြည်နယ်များထံသို့ ဘဏ္ဍာငွေလွှဲပြောင်းမှုများ ပြုကြသည်။ ဖက်ဒရယ်နိုင်ငံများတွင် တွေ့ရသော ယေဘူယျ ဘဏ္ဍာငွေလွှဲပြောင်းမှုပုံစံအချို့နှင့် ၎င်းတို့၏ အားသားချက်နှင့် အားနည်းချက်များကို အောက်တွင် ဖော်ပြထား သည်။

ပုံစံ ( ၁ ) ဒေါင်လိုက် အခွန်ဘဏ္ဍာငွေလွှဲပြောင်းခြင်း (Vertical fiscal transfers)

ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရရန်ပုံငွေများမှ ဘဏ္ဍာရေးလိုအပ်ချက်ရှိသော ပြည်နယ်များထံ သို့ ဘဏ္ဍာငွေလွှဲပြောင်းခြင်း အစီအစဉ်ဖြစ်သည်။ ထိုလွှဲပြောင်းငွေများသည် သတ်မှတ်ချက်ပါသောလွှဲပြောင်း ငွေ သို့မဟုတ် သတ်မှတ်ချက်မပါသော လွှဲပြောင်းငွေများ ဖြစ်နိုင်သည်။

အားသာချက်များ

ပြည်နယ်များသည် အသုံးစရိတ်လိုငွေများကို ပြည်ထောင်စုအစိုးရထံမှ ရယူနိုင်ခြင်း၊ ပြည်ထောင်စုအစိုးရသည် အမျိုးသားရည်မှန်းချက်အတွက် တိုက်ရိုက်ဆောင်ရွက်ခွင့်မရှိသော အသုံးစရိတ် တာဝန်များအတွက် ပြည်ထောင်စုထောက်ပံ့ငွေများ ချပေးခြင်းဖြင့် (အထူးသဖြင့် သတ်မှတ်ချက်ပါသော ထောက်ပံ့ငွေများချပေး ခြင်းဖြင့်) ပြည်နယ်များက ဖော်ဆောင်ပေးရန် တွန်းအားပေးနိုင်သည်။

အားနည်းချက်များ

ပြည်ထောင်စုလွှဲပြောင်းငွေများသည် ပြည်နယ်များ၏ ကိုယ်ပိုင်အရင်းအမြစ်များ မဟုတ်သဖြင့် ပြည်နယ်များ၏ ပြည်ထောင်စုအစိုးရအပေါ် ဘဏ္ဍာရေးအရ မှီခိုနေရမှုကို ဖြစ်စေသည်။ အထူးသဖြင့် သတ်မှတ်ချက်ပါသော ထောက်ပ့ံငွေများသည် ပြည်နယ်များ ရယူလိုလျှင် ပြည်နယ်၏ သဘောထားနှင့် တစ်ထပ်တည်း မကျနိုင်သည့် ပြည်ထောင်စုအစိုးရ၏ တောင်းဆိုမှုများကို လိုက်လျောပေးရနိုင်သဖြင့် ပြည်နယ်များသည် ပြည်ထောင်စု အစိုးရ၏ လွှမ်းမိုးမှုကို ခံရနိုင်ဖွယ်ရှိသည်။

ပုံစံ ( ၂ ) အလျားလိုက် ဘဏ္ဍာငွေ လွှဲပြောင်းခြင်း (Horizontal fiscal transfers)

ပြည်နယ်အချင်းချင်း ဘဏ္ဍာငွေလွှဲပြောင်းပေးသည့် အစီအစဉ်ဖြစ်သည်။ ချမ်းသာသော (သို့မဟုတ်) ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်း (အခွန်ကောက်ခံနိုင်စွမ်း) မြင့်မားသော ပြည်နယ်များက ဆင်းရဲသော (သို့မဟုတ်) ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်း နိမ့်ကျသော ပြည်နယ်များထံသို့ ဘဏ္ဍာငွေများ လွှဲပြောင်းပေး သည်။ လွှဲပြောင်းပေးမည့် ဘဏ္ဍာငွေ ပမာဏကို ဆုံးဖြတ်ရာတွင် ပြည်နယ်များ၏ စီးပွားရေး (သို့မဟုတ်) ဖွံ့ဖြိုးရေးအညွှန်းကိန်းများကို အသုံးပြုမှုများရှိသော်လည်း ထိုငွေများသည် သတ်မှတ်ချက်များ ပါလေ့ မရှိပါ။

အားသာချက်များ

ပြည်နယ်များအကြား ဘဏ္ဍာရေးမညီမျှမှုများကို လျော့ချပေးသည်။ ပြည်နယ်များအကြား သွေးစည်းညီညွှတ်မှု ကိုလည်း အားကောင်းစေသည်။

အားနည်းချက်များ

ဆင်းရဲသော ပြည်နယ်များက ချမ်းသာသော ပြည်နယ်များအပေါ် ဘဏ္ဍာရေးမှီခိုနေရမှုကို ဖြစ်စေပြီး ထိုအနေအထားကြောင့် လွှတ်တော်တွင်း ဥပဒေပြုရာတွင် ဆင်းရဲသော ပြည်နယ်များ၏ ဆန္ဒမဲများကို လွှမ်းမိုးစေနိုင်သည်။

ပုံစံ ( ၃ ) ဒေါင်လိုက်နှင့် အလျားလိုက် ဘဏ္ဍာငွေ လွှဲပြောင်းခြင်း (Vertical and Horizontal fiscal transfers)

ဒေါင်လိုက်နှင့် အလျားလိုက်ဘဏ္ဍာငွေလွှဲပြောင်းမှု ပုံစံ (၂) မျိုးလုံးကို ရောနှောထားသည်။ ပြည်နယ်များ အကြား ဘဏ္ဍာရေးညီတူမျှတူဖြစ်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များက ဘဏ္ဍာရေးစွမ်းဆောင်မှု နိမ့်သော ပြည်နယ်များ၏ ဘဏ္ဍာရေးအနေအထားကို ဝိုင်းဝန်းကူညီကြသည်။

 

အားသာချက်များ

ဒေါင်လိုက်နှင့် အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများကို ဖြေလျော့ပေးနိုင်သည်။ နိုင်ငံတစ်ခု၏ အစိုးရအဖွဲ့ အားလုံးကို သွေးစည်းညီညွှတ်စေသည်။ ထို့ပြင် အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ကို အားကောင်းစေနိုင်သည်။

အားနည်းချက်များ

ပြည်ထောင်စုအစိုးရနှင့် ချမ်းသာသော ပြည်နယ်များ၏ ဘဏ္ဍာရေး အကူအညီများကို ရယူနိုင်သဖြင့် အချို့သော ပြည်နယ်များ (အထူးသဖြင့် ဆင်းရဲသော ပြည်နယ်များ) သည် ဘဏ္ဍာရေး အားထုတ်မှုကိုလျှော့ချစေနိုင်သည်။

အထက်ပါ ဘဏ္ဍာငွေလွှဲပြောင်းမှု ပုံစံများသည် အစိုးရအဖွဲ့များအကြား အာဏာခွဲဝေမှုများအပေါ် မူတည်ပြီး လွှဲပြောင်းပေးရသည့် ဘဏ္ဍာငွေပမာဏမှာလည်း အပြောင်းအလဲရှိနိုင်သည်။ ပြည်ထောင်စုအစိုးရကိုအာဏာ ပိုပေးထားလျှင် ဒေါင်လိုက်လွှဲပြောင်းမှုပမာဏလည်း များသွားနိုင်သည်။ ပြည်နယ်များကို အာဏာပိုပေးထား လျှင် ဘဏ္ဍာငွေအရင်းအမြစ်များသည် ပြည်နယ်လက်ထဲတွင် ပိုရှိသဖြင့် ဒေါင်လိုက်လွှဲပြောင်းမှုထက် အလျား လိုက် လွှဲပြောင်းမှုများက ဆင်းရဲသော ပြည်နယ်များ၏ ဘဏ္ဍာရေးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည့် အလားအလာ ပိုရှိနိုင်သည်။ သို့ရာတွင် အခွန်စနစ် ဖွံ့ဖြိုးတိုးတက်မှုနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်အလျား လိုက် ဘဏ္ဍာငွေ လွှဲပြောင်းမှုထက် ဒေါင်လိုက်ဘဏ္ဍာငွေ လွှဲပြောင်းမှုများကိုသာ တွေ့ရမည်ဖြစ် သည်။

နိဂုံးပိုင်း

ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အဓိကသော့ချက် တစ်ခုအဖြစ် ရှုမြင်မှုများ ပိုများလာသည်နှင့်အမျှ မြန်မာနိုင်ငံနှင့်သင့်လျော်နိုင်မည့် ဖက်ဒရယ်စနစ်တစ်ခုကို ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပုံဖော်သွားရန် အရေးကြီးပါသည်။ထိုသို့ပုံဖော်ရာတွင်ဖက်ဒရယ်စနစ်ထွန်းကား သော နိုင်ငံများ၏ အတွေ့အကြုံ များကို ပုံတူကူးချရန်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အနေအထားနှင့် သင့်လျှော်နိုင် မည့် ကောင်းနိုးရာရာနှင့် သင်ခန်းစာယူစရာ ရှောင်ရန်နှင့် ဆောင်ရန်များကိုလေ့လာနိုင်သည့် အခွင့်အလမ်းများ လည်း ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး အစရှိသည့် ကဏ္ဍအသီးသီးတို့ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် နိုင်ငံသားအများစု လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်တစ်ခု ပေါ်ထွန်းလာရေးကို ရှေးရှုသွားရန် လိုသည်။ သို့မှသာလျှင် ဆယ်စုနှစ် (၇) ခုနီးပါး ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးများ လျော့နည်းချုပ်ငြိမ်းကာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ယူဆောင်ပေးနိုင်မည် ဖြစ်သည်။

ဖက်ဒရယ်စနစ်၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သော ဘဏ္ဍာရေးဖက်ဒရယ်စနစ်အကြောင်းကိုဤသုတေသန စာတမ်းထဲတွင် ဆွေးနွေးတင်ပြထားပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်နိုင်မည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်တစ်ခုကို ရေးဆွဲချမှတ်ခြင်းမပြုမီ နိုင်ငံ၏ ပကတိ အခြေအနေများ၊ အထူးသဖြင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာအခင်းအကျင်းတို့ကို ယေဘူယျအားဖြင့် လွှမ်းခြုံသိရှိနားလည်ထားနိုင်ရန် အကျဉ်းချုံးဖော်ပြထားသည်။ နိုင်ငံရေး အခင်းအကျင်းအရ လက်ရှိတည်ဆဲ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်နယ်/တိုင်းဒေသကြီးများကို လုပ်ပိုင်ခွင့် အာဏာအချို့ အပ်နှင်းထားသော်လည်း ဗဟိုချုပ်ကိုင်မှု လွန်ကဲနေ ဆဲ ဖြစ်ပြီး ဖက်ဒရယ်မှုပြုထားသည့် သဘောများတွေ့ရသည်။ ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက် ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှ တစ်ဆင့်သွားနေပြီးထိုချဉ်းကပ် မှု လမ်းကြောင်းနှင့် ပတ်သက်၍ ပုံဖော်ဆောင်ရွက်မှု ဖြစ်စဉ် (ဥပမာ- နိုင်ငံရေးအစုအဖွဲ့အားလုံးကို ကိုယ်စားပြု မှု) နှင့် လားရာ (ဥပမာ - ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့် ပန်းတိုင်) တို့မှာ သေချာရေရာမှုနှင့် ရှင်းလင်း ပြတ်သားမှု မရှိသည်ကို တွေ့ရသည်။ ထို့သို့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာမခံ ချက် မရှိသည့် ပုံစံ ပေါ်နေသည့် NCA လမ်းကြောင်းကို အယုံအကြည်မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအချို့က NCA ပြင်ပလမ်းကြောင်း (ဥပမာ - FPNCC ) ကို ရှာဖွေနေချိန်တွင် လက်ရှိ အစိုးရက NCA လမ်းကြောင်းကိုသာ အဓိကရွေးချယ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေသည်ကို တွေ့ရသည်။

စီးပွားရေးအခင်းအကျင်းအရ စီးပွားရေးမူဝါဒသစ်များနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးအစီအစဉ်တို့ကို ချမှတ်ထားသည်ကို တွေ့ရသည်။ စီးပွားရေးဦးမော့လာရေး သို့မဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် မူဝါဒကောင်းများ ချမှတ်ကာ အချိန်ကာလတစ်ခု ပေးရမည် ဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေဆဲဟု သုံးသပ်ဝေဖန်မှုများ ရှိနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် စိုးရိမ်နေကြသည်။ လက်ရှိအစိုးရ ၏စီးပွားရေး မူဝါဒများသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အဓိကထားသည်ဟု ဖော်ပြ ထားပြီး အချက် (၂၃၈) ချက်ပါ ရှေရှည်တည့်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးအစီအစဉ်တွင် နိုင်ငံ၏ အခွန်စနစ်ဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားသော်လည်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်း ဒေသကြီးများအကြား အခွန်ဆိုင်ရာ အာဏာခွဲဝေမှုအပိုင်းအား ထည့်သွင်းဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။ ဖက်ဒရယ် စနစ်နှင့်အညီ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များအား ထပ်မံတိုးချဲ့ အပ်နှင်းပေးသွားရန် လိုပါသည်။ အထက်ပါ နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျဉ်းဆိုင်ရာ စိန်ခေါ်မှုများနှင့်အတူ ဘဏ္ဍာရေး ဖက်ဒရယ် စနစ်၏ အခြေခံသဘောတရားများ၊ ဖက်ဒရယ်နိုင်ငံအချို့၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ် တို့ကိုလည်း တင်ပြထားပါသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံအစိတ်အပိုင်းများဖြစ်သော အသုံးစရိတ်တာဝန်များ၊ အခွန်အာဏာများ၊ ဘဏ္ဍာရေးမညီမျှမှုများနှင့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေ လွှဲပြောင်းမှုများကို လေ့လာ ရန် ရွေးချယ်ထားသော ဖက်ဒရယ်နိုင်ငံအလိုက် ဆွေးနွေးတင်ပြထားသည်။ အချို့သောဖက်ဒရယ် နိုင်ငံများ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် ဖက်ဒရယ်/ပြည်ထောင်စု အဆင့်အစိုးရအား ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများ ပို၍အပ်နှံထားသည့် ဗဟိုချုပ်ကိုင်မှုဘက် ယိမ်းသည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး (ဥပမာ- သြစတြေးလျနှင့် ဂျာမဏီနိုင်ငံ) အချို့ဖက်ဒရယ်နိုင်ငံများတွင် ပြည်နယ်များအား ဘဏ္ဍာ ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများပို၍ ပေးထားသည့် ဗဟိုချုပ်ကိုင်မှုနည်းသည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို ကျင့်သုံးကြ သည်ကို တွေ့ရသည် (ဥပမာ- ကနေဒါနှင့် အမေရိကန်ပြည်ထောင်စု)။ ထို့အပြင် ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာ ရေးဖက်ဒရယ်စနစ်တို့သည်တူညီသော အချက်များရှိသကဲ့သို့ မတူညီသော အချက်များလည်းရှိသည်ကို တွေ့ရ သည်။ ဥပမာ- လေ့လာတင်ပြထားသည့် ဖက်ဒရယ်နိုင်ငံတိုင်းတွင် အစိုးရအဖွဲ့များ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင် ခွင့် အာဏာများကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။အစိုးရအဖွဲ့များအကြားဘဏ္ဍာရေး မညီမျှမှုများကို ကုစားရာတွင် ဘဏ္ဍာရေးလွှဲပြောင်းမှုစနစ် အမျိုးမျိုးကို ကျင့်သုံးကြသည်။ ထို့နောက်မြန်မာနိုင်ငံ တွင် လက်ရှိကျင့်သုံးနေသော ဘဏ္ဍာရေးစနစ်ကို လေ့လာတင်ပြထားသည်။ လက်ရှိ ဘဏ္ဍာရေး စနစ်တွင် ပြုပြင်ပြောင်းလဲမှုအချို့ကို (ဥပမာ - ၂၀၁၅ ခုနှစ်မှစ၍ ယခင် ပြည်ထောင်စုအစိုးရ၏ ပြည်သူ့ဝန် ဆောင်မှု လုပ်ငန်းအချို့ကို ပြည်နယ်/တိုင်းဒေသကြီးများအား ခွဲဝေပေးခြင်း၊ ပြည်ထောင်စုအခွန် အချို့ (ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တစ်ဦးချင်းဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်) မှ ကောက်ခံရရှိသော အခွန် ဘဏ္ဍာ ငွေများကို အချိုးအစားတစ်ခုဖြင့် ပြည်နယ်/တိုင်းဒေသကြီးများနှင့် မျှဝေခြင်း) ဆောင်ရွက်လျက်ရှိသော် လည်း ထိုပြုပြင်ပြောင်းလဲမှုများသည် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း အသွင်သာဆောင်ပြီး ပြည်နယ်/တိုင်း ဒေသကြီးများ အတွက် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အားပေးမြှင့်တင်မှု အားနည်းနေသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို ဘဏ္ဍာရေးဖက်ဒရယ်စနစ်ရှုထောင့်ဖြင့် ကြည့်လျှင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးများ အကြား ခွဲဝေပေးထားသော်လည်း လက်တွေ့တွင် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်သည် အကန့်အသတ်များစွာ ရှိနေဆဲဖြစ် သည်။ ဥပမာ - ပြည်နယ်/တိုင်းဒေသကြီးများ ကောက်ခံခွင့်ရှိသော အခွန်များအားလုံးကို ပြည် နယ်/တိုင်းဒေသ ကြီးများက ဥပဒေပြုခွင့်ရှိ၊မရှိမှာ သေချာရေရာမှု မရှိသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာပြည်နယ်များ၏သီးခြား အခွန်အာဏာများသည် အခွန်ကောက်ခံခွင့်နှင့် ရယူပိုင်ခွင့်သဘောသာဆောင်ပြီး ထိုအခွန်အားလုံးအတွက် ဥပဒေပြု အာဏာကျင့်သုံးခွင့် မရှိသည့် သဘောဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် ၎င်းတို့၏ပြည်သူ့ ဝန်ဆောင်မှု အသုံးစရိတ်များအတွက် လုံလောက်သော ဘဏ္ဍာငွေ အရင်းအမြစ်များ မရှိကြသဖြင့်ပြည်ထောင်စု အစိုးရ၏ ထောက်ပံ့ငွေလွှဲပြောင်းမှုအပေါ် နှစ်စဉ်လိုလို မှီခိုအားထား နေရသည်ကို တွေ့ရပါသည်။ အဆိုပါ အချက်များသည် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်းတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့် အတားများ ဖြစ်နေသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံ၏ ပကတိအခြေအနေများနှင့် သဟဇာတဖြစ်နိုင်မည့် ဘဏ္ဍာရေး ဖက်ဒရယ်စနစ် တစ်ခုကို ပုံဖော်ရာတွင် အထောက်အကူပြုနိုင်ရန် ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်များ ကို အခြေခံထားသည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ပုံစံအချို့နှင့် ၎င်းတို့၏ အားသာချက်နှင့် အားနည်းချက် များကို တင်ပြထားသည်။ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့ကို ပြည်ထောင်စုအစိုးရထက် ဘဏ္ဍာရေး အာဏာ ပို၍ ပေးထားသော ပုံစံများမှ ပြည်နယ်/တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားသည့် ပုံစံနှင့် ပြည်နယ်/တိုင်းဒေသကြီးများထက် ပြည်ထောင်စုအစိုးရကို ဘဏ္ဍာရေးအာဏာ ပိုပေးအပ်ထားသည့် ပုံစံများအစရှိသည့် ဘဏ္ဍာရေးစနစ်ပုံစံအမျိုးမျိုးကို ဆွေးနွေးတင်ပြ ထားသည်။ ထို့နောက် မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးစနစ်နှင့် အနာဂတ် ဘဏ္ဍာရေးဖက်ဒရယ်စနစ်အတွက် ဘဏ္ဍာရေးဆိုင်ရာမူဝါဒ အကြံပြုချက်အချို့တို့ကို အဆိုပြုတင်ပြထားပါသည်။ ဗဟိုချုပ်ကိုင်မှုများနေဆဲဖြစ်သည့် ဘဏ္ဍာရေးအာဏာ ခွဲဝေမှုပုံစံမှ ပြည်နယ်/တိုင်းဒေသကြီးများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ တိုးချဲ့ ပေးထားသည့် ဘဏ္ဍာရေးစနစ်သို့ ကူးပြောင်းသွားရန် ဆောင်ရွက်သွားနိုင်သည့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အချို့ (ဥပမာ - ပြည်ထောင်စု အစိုးရ၏ မျှဝေအခွန်ဘဏ္ဍာငွေများကို တိုးမြှင့်ပေးခြင်း၊ အချို့သော ဘဏ္ဍာရေးဆိုင်ရာ ဥပဒေပြုအာဏာများကို ပြည်နယ်/တိုင်းဒေသကြီးများအား ပေးအပ်သွားရန်နှင့် ပြည်နယ်/တိုင်းဒေသကြီးများ၏   ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာအသုံးစရိတ်တာဝန်များအတွက် လုံလောက်သော ကိုယ်ပိုင်အရင်းအမြစ်ဝင်ငွေများ ပေးအပ်ရန် အစရှိသည်တို့) ပါဝင်သည့် မူဝါဒအကြံပြုချက် များကို အဆိုပြုထားသည်။ အချုပ်အားဖြင့်ဆိုသော် ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် ဘဏ္ဍာရေးစနစ်နှင့် အကျွမ်းဝင်မှုမရှိသော သူများအတွက် ခက်ခဲနက်နဲနိုင် သော အကြောင်းအရာတစ်ခု ဖြစ်သော်လည်း ဖက်ဒရယ်စနစ်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အသွင်ကူးပြောင်းမည့် မြန်မာနိုင်ငံအတွက် မဖြစ်မနေလေ့လာထားသင့်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ ထို့ပြင်ဘဏ္ဍာရေး ဖက်ဒရယ်စနစ်ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်သွားနိုင်ရန် သုတေသနများ ဆက်လက်ပြုလုပ်သွားရန် အရေးကြီးသည်။ ယခု သုတေသနစာတမ်းသည် ဘဏ္ဍာရေး ဖက်ဒရယ်စနစ်ဆိုင်ရာ ဗဟုသုတများကို ရရှိစေပြီး ပြည်သူလူထုနှင့် မူဝါဒ ရေးဆွဲချမှတ်သူများအကြားဆွေးနွေး ငြင်းခုံမှုများ ပြုလုပ်လာရန် နှိုးဆွပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။  ။

 

( ပြီးပါပြီ )

 

Mizzima Weekly