ဝက်လက်မြို့အနီး ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးလျှက် တွေ့ရှိ

ဝက်လက်မြို့အနီး ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးလျှက် တွေ့ရှိ
ဓာတ်ပုံ-WCS Myanmar

နိုဝင်ဘာ ၈ ၊ စစ်ကိုင်း ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ နတ်မှော်ဦးကျေးရွာအနီး ဧရာဝတီမြစ်ထဲတွင် ဧရာဝတီ လင်းပိုင်တစ်ကောင် နိုဝင်ဘာလ ၆ ရက်နေ့၌ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် လင်းပိုင်သည် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းမှ ဧရာဝတီလင်းပိုင် အစ်မ ဖြစ်ပြီး၊ အလျား ၆ ပေ ၁ လက်မ ၊ လုံးပတ်အရွယ် ၄ ပေ ဖြစ်ကာ အသက်အရွယ်မှာ အရွယ်ကောင်း ဟူ၍ ယူဆရကြောင်း၊ ထိုလင်းပိုင်ကို နတ်မှော်ဦးကျေးရွာမှ အင်းသူကြီးတစ်ဦးက တွေ့ရှိပြီး လင်းပိုင်ထိန်းသိမ်းရေးသမားတွေက သွားရောက်ဆယ်ယူခဲ့ကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးသမားများက ဆိုသည်။

"သေဆုံးသွားတဲ့ လင်းပိုင်ကို လောလောဆယ် သဲထဲမှာမြှပ်ထားတယ် အရိုးငြမ်းကို ပြန်ယူသွားမယ် စတင်တွေ့တဲ့အချိန်ခေါင်းက ရေထဲမှာ ထောင်လျက် လင်းပိုင်ကို ဆွဲကြည့်လိုက်တဲ့ အချိန်မှာ အမြီးဖျားက ခဲတွေနဲ့ ချည်ထားပြီး ရေပေါ်ပေါ်လာမှာ စိုးရိမ်တဲ့အတွက် ရေထဲမှာ မြှုပ်ထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် ပုပ်ပွလာတော့ ရေပေါ် ပေါ်တဲ့အချိန် ခဲဆွဲလျက်နဲ့ ပေါ်လာတာပါ။ လင်းပိုင်ကို ချည်ထားတဲ့ ကြိုးမှာလည်း ပိုက်ခေါင်းကြိုးနှင့် ချည်ထားခြင်းဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်က ငါးဖမ်းပိုက်နဲ့ ငြိပြီး သေဆုံးတာ" သားငှက်တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဦးကျော်လှသိန်းက ပြောသည်။

ဧရာဝတီမြစ်အတွင်း လင်းပိုင်များသည် မန္တလေးမြို့မှ ဗန်းမော်မြို့အကြား နေထိုင်ကျက်စားပြီး ယခုနှစ် ဖေဖော်ဝါရီလက ကောက်ယူထားသည့် စာရင်းများအရ ၇၆ ကောင်သာ ကျန်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ်ကို ရင်ဆိုင်နေရသည့် မြန်မာမျိုးရင်း လင်းပိုင်များဖြစ်သည်။

လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် ဧရာဝမြစ်အတွင်း မန္တလေးမြို့နဲ့ ကျောက်မြောင်းအကြား သတ်မှတ်ထား၍ ယခုနှစ် အောက်တိုဘာလတွင် ဗန်းမော်နှင့် ကသာမြို့အကြားကို လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် ထပ်မံတိုးချဲ့သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly