စရဖတပ်ကြပ်တစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ကျပ်သိန်း ၃၀၀ အာမခံဖြင့် ပြန်လွှတ်

By နောင်နောင်
05 November 2018
စရဖတပ်ကြပ်တစ်ဦး သေဆုံးမှုကြောင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ကျပ်သိန်း ၃၀၀ အာမခံဖြင့် ပြန်လွှတ်

နိုဝင်ဘာလ ၅ ရက်။         ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရပြီး သေဆုံးခဲ့မှုအတွက် ဖမ်းဆီးထားသော လူငယ် ၃ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်တွေမြို့မ ရဲစခန်းက ကျပ်သိန်း ၃၀၀ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

 
အဆိုပါ လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်တွေမြို့နယ်တရားရုံးတွင် ရမန်နှစ်ကြိမ်ခန့်ယူကာ စစ်ဆေး ခဲ့သော်လည်း တရားစွဲဆိုနိုင်ရေး စစ်ဆေးချက် မပေါ်ပေါက်သည့်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ စီ အာမခံဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း လွှတ်မြောက်လာသော လူငယ်များက ပြောသည်။

“စစ်ဆေးချက်မပေါ်လို့ ကျွန်တော်တို့ သုံးယောက်ကို သိန်းသုံးရာနဲ့ အာမခံပေးလို့ လွှတ်လိုက်တာပါ။ အဲ အသတ်ခံရတဲ့နေ့မှာ ကျွန်တော်တို့ ဘယ်နေရာမှာရှိခဲ့လဲ ဆိုတာကို သူတို့စစ်ဆေးမေးမြန်းပါတယ်။”ဟု ကိုမေယုထွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုပြန်လည်လွတ်မြောက်လာသည့် အောင်ဇော်လင်း(ခ) အောင်ချေ၊ မေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ ၃ ဦးသည် တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး အဝေးသင်တက်ရန် စစ်တွေမြို့သို့ ရောက်ရှိနေစဉ် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ဖမ်းဆီးခံခဲ့ကြရခြင်းလည်း ဖြစ်သည်။

စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) တပ်ကြပ် ဝင်းထိုက်(ခ) ဖိုးလုံးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် စစ်တွေမြို့၊ ဘုရားကြီး ဝင်္ကဘာကွင်းရှိ စျေးရောင်းပွဲတော်သို့ ၎င်း၏ ဇနီးနှင့် အတူ လာရောက်စဉ် အမည်မသိ သေနတ်သမားတစ်ဦးက အနီးကပ်ပစ်သတ်ခဲ့၍ သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးခဲ့သူ ၈ ဦးအထိ ရှိခဲ့ သော်လည်း ယခင် ၅ ဦးကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း စစ်တွေမြို့မ ရဲစခန်းမှ သိရသည်။

 
ဓာတ်ပုံ- နောင်နောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly