ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်

ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်
ဓာတ်ပုံ - AFP

ရန်ကုန်၊ နိုဝင်ဘာ ၅ ။             ။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောာင်ကျနေသည့် ရိုက်တာသတင်းသမား ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ အတွက် ယနေ့ နိုဝင်ဘာ ၅ ရက်နေ့တွင် အယူခံတင်ထားကြောင်း ၄င်းတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

"အများကြီးတော့ပြောစရာတော့မရှိပါဘူး။ ဒီနေ့မနက်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံတင်တယ်ပေါ့ဗျာ" ဟု ဦးသန်းဇော်အောင် က ပြောပြသည်။

အယူခံဝင်ခြင်းကို တရားရုံးမှလက်ခံလိုက်ပါက နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ပြီး လက်မခံနိုင်ပါကလည်း နှစ်ဖက်လျှောက်လွှဲချက်များ ကြားနာရနိုင်မည်ဟု ၄င်းက ဆက်ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ ယင်းတို့နှစ်ဦးသည် ရခိုင်အရေးနှင့်ပတ်သတ်သည့် မောင်တောမြို့နယ် လုံခြံရေးတပ်ဖွဲ့ အစီရင်ခံစာ မိတ္တူ စာရွက်စာတမ်းများရယူခဲ့သည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)(ဂ) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ထို သတင်းသမားနှစ်ဦးကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင် ၇ နှစ်ကျခံရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က အမိန့်ချခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required